မိုင်းယောင်းမြို့မှာ ရွှေဆိုင်ကို ဓါးပြတိုက်မှု ဖြစ်ပွား၊ ဓါးပြအဖွဲ့က ပစ်ခတ်လို့ အမျိုးသမီး (၁)ဦး သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း မိုင်းယောင်းမြို့ ရပ်ကွက်(၈)ထဲက  ဧဝရတ်ရွှေဆိုင်မှာ ၂၀၂၄ခုနှစ် ဧပြီလ(၈)ရက်နေ့ နေ့လည်(၂)နာရီ (၃၈)မိနစ်အချိန်က ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဆိုင်ကယ်(၂)စီး နဲ့ ရောက်လာပြီးတော့ သေနတ်များ ကိုင်ဆောင်ထားတဲ့ အမျိုးသား(၄)ဦးဟာ ဆိုင်ရှင်ကို သေနတ်နဲ့ပစ်ခတ်သလို အနီးဝန်းကျင်ကိုလည်း ပစ်ခတ်မှုကြောင့် ရွှေဆိုင်ပိုင်ရှင်မှာ ဘယ်ဖက် ခြေသလုံးကို ကျည်ထိမှန်ပြီး ဒဏ်ရာရရှိသွားသလို ရွှေဆိုင်အနီးမှာနေတဲ့ အမျိုးသမီးတစ်ဦးလည်း ဦးခေါင်းကို ကျည်ထိမှန်ပြီးတော့ သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက်(၂၉)နှစ်ဝန်းကျင်ရှိ မအီမွန်းဆိုသူဖြစ်ပြီး သူက ဆူဆူညံညံအသံကြားလို့ အပြင်ကို ထွက်ကြည့်ရာကနေ ကျည်ထိမှန်ပြီးတော့ အခုလို သေဆုံးသွားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 

ဓါးပြအဖွဲ့ဟာ ရွှေဆိုင်ထဲက ရွှေတွေကို ယူဆောင်ပြီး သူတို့ စီးလာတဲ့ ဆိုင်ကယ်နဲ့ ပြန်လည်ထွက်ခွာသွားပေမဲ့ ရွှေထည်ပစ္စည်းဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

မိုင်းယောင်းမြို့ဟာ အရင်က တာချီလိတ်ခရိုင်ရဲ့ လက်အောက်ခံမြို့ဖြစ်ခဲ့ပေမဲ့ ၂၀၂၂  အလွန်ကနေစပြီး မိုင်းယောင်းခရိုင်အဖြစ် တိုးချဲ့ဖွဲ့စည်းထားတဲ့ မြို့ဖြစ်သလို အရင်က မိုင်းယောင်းမြို့မှာ ခိုးမှုတွေတာ မကြာခဏ ဖြစ်ပွားလေ့ရှိပေမဲ့လည်း အခုလို ဓါးပြတိုက်မှုမျိုး တခါမှ မဖြစ်ဖူးဘူးလို့ ဒေသခံတွေ ထံက သိရပါတယ်။