ဟိုပုံးမြို့နယ်တွင် စခန်းသိမ်းခံရသဖြင့် အနီးရှိကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်(၈)လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

လွယ်ဝိုးတုတ်ကျေးရွာနှင့် (၁)မိုင် အကွာအဝေးတွင်ရှိ စစ်ကောင်စီစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က သိမ်းပိုက်ပြီးနောက် တိုက်ပွဲနှင့်မသက်ဆိုင်သည့် လွယ်ဝိုးတုတ်ကျေးရွာကို လေယာဉ်ဖြင့် (၆)ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီသည် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးတပ်စွဲကာ မဲနယ်တောင်ဒေသ နှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ လက်နက်ကြီးအကြိမ်ရေ (၇၀)ကျော် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီးများထားရှိသည့်နေရာအတွက် ထမ်းဆမ်းရွှေတိဂုံပုံတူစေတီတော်အဝန်းအဝိုင်းရှိ အဆောက်အဦးအချို့ကို မိုင်းခွဲဖျက်ဆီးခဲ့သည်ဟုလည်း ဆိုသည်။

ယမန်နေ့တွင်ပင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာကိုလည်း လက်နက်ကြီးဖြင့် (၄)ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့တွင်းကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Video : PNLA News & Info