အစိုးရရုံးဌာနများတွင် စာပေးစာယူ လက်ခံနေရာမှလွဲ၍ ကျန်နေရာများ၌ ပြင်ပလူ ဝင်ထွက်ခွင့် ကန့်သတ်

အစိုးရရုံးဌာနများတွင် စာပေးစာယူ လက်ခံနေရာမှလွဲ၍ ကျန်နေရာများ၌ ပြင်ပလူ ဝင်ထွက်ခွင့် ကန့်သတ်
စက်တင်ဘာ 9, 2020
By Tachileik News Agency
အစိုးရရုံးဌာနများတွင် စာပေးစာယူ လက်ခံနေရာမှလွဲ၍ ကျန်နေရာများ၌ ပြင်ပလူ ဝင်ထွက်ခွင့် ကန့်သတ်
အစိုးရရုံးဌာနများတွင် ပြင်ပပုဂ္ဂိုလ်များဝင်ရောက်ခွင့်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှစ၍ ကန့်သတ်လိုက်ပြီး ရုံးလုပ်ငန်းဆိုင်ရာကိစ္စများအတွက် စာပေးစာယူလက်ခံကောင်တာမှသာ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။
“ရုံးထဲကို အပြင်လူ ပေးမလာရဘူးလို့ သတ်မှတ်ထားတယ်။ စာတွေဘာတွေ တင်ချင်တယ်၊ ထောက်ခံစာတွေ ဘာတွေယူမယ်ဆို ဝင်စာ ၊ ထွက်စာဌာနနဲ့ပဲ ထိတွေ့ဖို့ အဓိကပြောတာပါ။ အရင်ကတော့ ရင်းနှီးမှုနဲ့ ရုံးခန်းထဲကို ဝင်လာကြတာ၊ ဝင်ပြောကြတာတွေရှိတာပေါ့။ အခုတော့ ဒါမျိုးတွေ ခွင့်မပြုတော့ဘူး။ ရုံးတွေကို လုပ်စရာရှိရင် လာလို့ရတယ်။ ဒါပေမဲ့ အရင်လို ရုံးခန်းတွေထဲထိမဝင်ဘဲ ဝင်စာထွက်စာဌာနမှာတင် တင်စရာရှိတာတင်ဖို့ပေါ့။ ဝင်စာထွက်စာဌာနက ရုံးတိုင်းမှာရှိပါတယ်။ ကျွန်တော်တို့ဆို ဝင်ဝင်ချင်းက ဝင်စာထွက်စာဌာနပဲ။ အဲဒီမှာဆို အဝင်မှာ ကိုယ်အပူချိန်တိုင်းတာလုပ်တယ် ။လက်ဆေးရမယ်။ နောက် လာတဲ့အကြောင်းအရာနဲ့ ဆက်သွယ်ရမယ့် လိပ်စာတို့ မှတ်တမ်းယူတယ်။ အကယ်၍များ ဒီလာတဲ့သူဖြစ်ဖြစ်၊ ဝင်စာထွက်စာဌာနကဖြစ်ဖြစ် တစ်ယောက်ယောက် COVID တွေ့တယ်ဆို လိုက်ရလွယ်အောင်လို့ပါ”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID 19 ပြည်တွင်းကူးစက်မှုမြင့်လာနေ၍ အစိုးရဌာနများတွင် ဝန်ထမ်းတစ်ဝက်နှုန်းဖြင့် ရုံးတက်ပြီး ကျန်တစ်ဝက် မိမိနေအိမ်မှ အလုပ်လုပ်စေသည့်စနစ်ကို ယာယီပြောင်းလဲလိုက်သည့်အပြင် ရုံးဌာနများအတွင်း ပြင်ပလူအဝင်အထွက်ကိုလည်း  ကန့်သတ်လိုက်ကာ အစည်းအဝေးများ၊ အခမ်းအနားများ ကျင်းပခြင်းကိုလည်း ကန့်သတ်လိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဌာနတွင်း၊ ဌာနအချင်းချင်းကတော့ ဖုန်းကနေ၊ ဗိုင်ဘာကနေ၊ မက်ဆင်ဂျာကနေပဲ ဆက်သွယ်ကြမှာပေါ့။ လိုအပ်ရင် Video call နဲ့အစည်းအဝေးလုပ်ရမှာပေါ့။ ကျွန်တော်တို့ ဌာနကတော့ ရပ်ကျေးအဆင့်တွေနဲ့ ဗိုင်ဘာကနေ အလုပ်ချိတ်ဆက်လုပ်နေတာဆိုတော့ ကျွန်တော်တို့အတွက်တော့ သိပ်အပြောင်းအလဲမရှိဘူး”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အစိုးရဌာနအဆင့်အားလုံးအပါအဝင် မည်သည့်အဖွဲ့အစည်းမှ  ၂၀၂၀ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့မှစ၍ လူစုလူဝေးဖြင့် အစည်းအဝေး၊ အခမ်းအနားများကို ကျင်းပခြင်းမပြုကြရန်၊ အစိုးရဌာနများတွင် ဝန်ထမ်းတစ်ဝက်ရုံးတက်သည့်စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်၊ ရုံးဌာနများတွင် ပြင်ပလူဝင်ထွက်ခြင်းအား ကန့်သတ်ရန် အမျိုးသားအဆင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~