ငြိစွန်းခဲ့သည့် အမျိုးသမီးကို ဇနီးနှင့် ပတ်ဝန်းကျင် မသိစေရန် သတ်ရန်ကြံစည်ရာမှ အတူလိုက်လာသည့် အမျိုးသမီးကိုပါ သတ်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးလူသတ်မှုမှ ကျူးလွန်သူ ထွက်ဆို

ငြိစွန်းခဲ့သည့် အမျိုးသမီးကို ဇနီးနှင့် ပတ်ဝန်းကျင် မသိစေရန် သတ်ရန်ကြံစည်ရာမှ အတူလိုက်လာသည့် အမျိုးသမီးကိုပါ သတ်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးလူသတ်မှုမှ ကျူးလွန်သူ ထွက်ဆို
ဇွန် 19, 2020
By Tachileik News Agency
ငြိစွန်းခဲ့သည့် အမျိုးသမီးကို ဇနီးနှင့် ပတ်ဝန်းကျင် မသိစေရန် သတ်ရန်ကြံစည်ရာမှ အတူလိုက်လာသည့် အမျိုးသမီးကိုပါ သတ်ခဲ့ခြင်းဖြစ်ကြောင်း လားရှိုးလူသတ်မှုမှ ကျူးလွန်သူ ထွက်ဆို

ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့၊ မတ်ချီးနုကျေးရွာအနီးတွင် စွန့်ပစ်ထားသည့် အမျိုးသမီး (၂)ဦး အလောင်းကို တွေ့ရပြီး (၃)ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့က အမျိုးသမီးများကို သတ်ခဲ့သူဟု ဝန်ခံသည့် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖေါ်ထုတ် ဖမ်းဆီးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိထားပါပြီ။ အသက် (၃၂)နှစ်အရွယ် အမျိုးသား တစ်ဦးတည်းပါ။ အမှုနဲ့ပတ်သက်ပြီး အခု စစ်ဆေးမေးမြန်းနေတုန်းပဲရှိပါသေးတယ်

ဟု လားရှိုး နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇော်လှိုင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁၉)ရက် နေ့လည်ပိုင်းက ပြောသည်။

လူသတ်မှုကျူးလွန်သည်ဟု ထွက်ဆိုထားသည့် ချစ်ကို (ခ) ပိုင်စိုးအောင်သည် အသတ်ခံရသည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးနှင့် လူမှုရေးငြိစွန်းမှုရှိ၍ ဇနီးနှင့်ပတ်ဝန်းကျင် မသိစေရန် သတ်ရန်စီစဉ်ခဲ့ရာမှ အခြားအမျိုးသမီးတစ်ဦးပါ ပါလာသဖြင့် နှစ်ဦးလုံးကို သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်ကို (ခ) ပိုင်စိုးအောင်သည် လွန်ခဲ့သည့် (၃)နှစ်က မော်တော်ယာဉ်လိုင်းတစ်ခုတွင် အငှားယာဉ်မောင်းလုပ်စဉ်က အသတ်ခံရသည့် အမျိုးသမီးနှစ်ဦးအနက် အသက် (၄၄)နှစ်အရွယ် အမျိုးသမီး ခရီးထွက်သည့်အကြိမ်တိုင်း ၎င်းအား ယာဉ်မောင်းအဖြစ် ငှားရမ်းနေကြ ဖေါက်သည်တစ်ဦးအဖြစ် သိကျွမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် ချစ်ကို (ခ) ပိုင်စိုးအောင်သည် အငှားယာဉ်လိုင်းတွင် အလုပ် မလုပ်တော့ဘဲ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် အဆိုပါ အမျိုးသမီး ခရီးထွက်သည့် အကြိမ်တိုင်း လိုက်ပါပို့ဆောင်ရင်း ငြိစွန်းမှုရှိခဲ့ပြီးနောက် ချစ်ကို (ခ) ပိုင်စိုးအောင်အား လက်ရှိဇနီးကို ကွာရှင်းပြီး သူမအား လက်ထပ်ရန် တောင်းဆိုမှုများရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ချစ်ကို (ခ) ပိုင်စိုးအောင်သည် ဇွန်လ (၁၀)ရက်နေ့၌ ၎င်းနှင့်ငြိစွန်းခဲ့သည့် အမျိုးသမီးအား နေအိမ်သို့သွားရောက်ခေါ်ယူခဲ့ရာ အမျိုးသမီးက တူမဖြစ်သူကိုပါ အတူခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်ကို (ခ) ပိုင်စိုးအောင်သည် အမျိုးသမီးနှစ်ဦးအား ရေကန်တောင် ဘုရားခြေရင်းသို့ ခေါ်ဆောင်သွားပြီး အမျိုးသမီးများ ရေကန်ဘောင်တွင် လမ်းလျှောက်နေစဉ် ၎င်းက ကားထဲတွင်ကျန်ခဲ့ကာ အသင့်ယူဆောင်လာသည့် အအေးဗူးများတွင် အိပ်ဆေးများထည့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးနှစ်ဦး ကားထဲပြန်ထိုင်ချိန်တွင် အအေးဗူးများသောက်စေပြီး ကားအဲကွန်းဖွင့်၊ သီချင်းဖွင့်ပေးထားစဉ် အိပ်ပျော်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

အိပ်ပျော်နေသည့် အမျိုးသမီးနှစ်ဦးကို အသင့်ယူလာသည့် ကြိုးများဖြင့်တုပ်နှောင်ပြီး ပါးစပ်ကို တိပ်ဖြင့်ပတ်၍ ကားတံခါးများပိတ်ကာ ကားစက်ရပ်၍ (၃)နာရီကြာ ပိတ်လှောင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသမီးနှစ်ဦးနှင့် ကားပေါ်ပါလာသည့် မွေ့ယာ၊စောင်၊ခေါင်းအုံးများနှင့် အခြားမော်တော်ယာဉ်၏ ယာဉ်နံပါတ်ပြားအဟောင်းများကို မချီးနုကျေးရွာအနီး တောထဲတွင်စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နေအိမ်သို့ ပြန်လာကာ ဟန်မပျက်နေထိုင်ခဲ့ပြီးနောက် အသတ်ခံရသည့် အမျိုးသမီး၏ ကားကိုနေရာရွှေ့ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးခဲ့ကာ ဇွန်လ (၁၆) ရက်နေ့တွင် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~