COIVD-19 အခြေအနေကြောင့် တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားအား မတ်လ (၂၃)ရက်နေ့က စ၍ အကန့်အသတ်မရှိ ယာယီပိတ်မည်ဆိုသည့်အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံက ဆေးဝါးများကို (၁၀)ရက်စာထက် ပို၍ မရောင်းချပေးနိုင်တော့ကြောင်း သိရသည်။
တံတား ပိတ်တာက ဘယ်လောက်ကြာမယ်ဆိုတာ မသိတဲ့အတွက် မယ်ဆိုင်ဆေးရုံက ဆေးရေရှည်စွဲသောက်ရတဲ့ တာချီလိတ်ဘက်က လူနာတွေကို ဒီနေ့ ဆေး(၁၀)ရက်စာပဲ ပေးတော့မယ်ပြောတော့၊ သူတို့ဘက်မှာလည်း ဆေးကပြတ်နိုင်တာမို့ (၁၀)ရက်စာပဲ ပေးတော့မယ်တဲ့။ နောက်ပြီး ဆေးရုံမှာကလည်း ဆေးက အကန့်အသတ်နဲ့ပဲရှိတာမို့ ဆေးပြတ်သွားရင်တော့ အပြင်ဆေးဆိုင်မှာပဲ ဆေးကို ပြပြီး လောလော ဆယ် ဝယ်သောက်ထားဖို့ ပြောလာတယ်။ တာချီလိတ်ဘက်က အသိတွေကိုလည်း တဆင့်ပြောပေးဖို့ အသိပေးလိုက်သေးတယ်
ဟု တာချီလိတ်ဘက်မှ မယ်ဆိုင်ဆေးရုံသို့ သွားရောက်ကာ သောက်ဆေးသွားထုတ်သည့် အမျိုးသမီးတစ်ဉီးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြောသည်။
တာချီလိတ်မှ လူနာအချို့သည် မယ်ဆိုင်ဆေးရုံသို့ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလေ့ရှိပြီး ဆေးရုံက ရေရှည်စွဲသောက်ရမည့် ဆေးဝါးများကို ပေးတတ်လေ့ရှိရာ တံတားပိတ်မည်ဆိုသည့် အတွက်ဆေးများကို ပို၍ ဝယ်ယူထားလိုသူများနှင့် ဆေးကြိုထုတ်သူများရှိနေကြသည်။
ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ထိုင်းနိုင်ငံဘက်က ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့တွင် စတင်၍ ချစ်ကြည်ရေးတံတား(၁)အား ပိတ်မည်ဖြစ်သည့်အတွက် မတ်လ(၂၂)ရက်နေ့ ည(၈)နာရီခွဲ အချိန်အထိ သွားလာနိုင်မည်ဖြစ်သည်။
Tachileik News Agency