ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်သံသယ စောင့်ကြည့်လူနာတစ်ဦးတွင် ဗိုင်းရပ်စ်မတွေ့ကြောင်း ဓါတ်ခွဲအဖြေရပြီး ကျန် (၅)ဦး အဖြေစောင့်နေဆဲ

ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်သံသယ စောင့်ကြည့်လူနာတစ်ဦးတွင် ဗိုင်းရပ်စ်မတွေ့ကြောင်း ဓါတ်ခွဲအဖြေရပြီး ကျန် (၅)ဦး အဖြေစောင့်နေဆဲ
ဖေဖော်ဝါရီ 11, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်သံသယ စောင့်ကြည့်လူနာတစ်ဦးတွင် ဗိုင်းရပ်စ်မတွေ့ကြောင်း ဓါတ်ခွဲအဖြေရပြီး ကျန် (၅)ဦး အဖြေစောင့်နေဆဲ

ရှမ်းပြည်နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် စောင့်ကြည့်လူနာ (၆)ဦးအနက် နမ္မတူမြို့နယ်ဆေးရုံမှ လူနာတွင် ဗိုင်းရပ်စ်ပိုး မတွေ့ရကြောင်း ဓါတ်ခွဲခန်းအဖြေရရှိလာပြီ ဖြစ်သည်။

ရှမ်းပြည်နယ်ထဲမှာ ဒီနေ့ မနက်အထိအခြေအနေက စောင့်ကြည့်လူနာ (၆)ယောက်ရှိတယ်။ (၆)ယောက်မှာ နမ္မတူက case က ဓါတ်ခွဲခန်းပို့ထားပြီးသား အဖြေရပြီ။  သူက ဆေးရုံကဆင်းလို့ရတဲ့ အခြေအနေမှာ ရှိနေပြီ။ နောက်တစ်ခုကတော့ စဝ်စံထွန်းကိုရောက်လာတဲ့ ဘန်းယဉ်က case ကလည်း လူနာက အခြေအနေ ကောင်းတယ်။ သူလည်း အဖြေစောင့်နေဆဲပေါ့။ နောက် ဘန်းယဉ်နဲ့ တဆက်တစပ်တည်းက မောက်မယ်က (၄)ယောက်ရှိတယ်။ သူတို့လည်း ရန်ကုန်ကို ဓါတ်ခွဲနမူနာပို့လိုက်ပြီ။ သူတို့အခြေအနေကတော့ ကောင်းတယ်။ အဖျားငွေ့ငွေ့လေးပဲ ကျန်တော့တယ်။ သက်သာနေတယ်။ ဒါကတော့ ရှမ်းပြည်နယ်တွင်း စောင့်ကြည့်လူနာ အခြေအနေပါ

ဟု ပြည်နယ်အဆင့် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus (2019 – n Cov) စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌဖြစ်သူ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ်အတွင်း ပင်လောင်းမြို့နယ်မှ (၁) ဦး၊ နမ့်ခမ်းမြို့နယ်မှ (၁) ဦးနှင့် ကွတ်ခိုင်မြို့နယ်မှ (၁) ဦးတို့မှာ ကိုယ်အပူချိန်မြင့်နေသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူစက်ခံရနိုင်ဖွယ်ရှိသည့်အခြေအနေများနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးရာ ကိုက်ညီမှုမရှိကြောင်းတွေ့ရသော်လည်း စောင့်ကြည့်ကုသမှုလုပ်ဆောင်ပေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၌ စတင်ဖြစ်ပွားခဲ့သည့် ဗိုင်းရပ်စ်အသစ် 2019 Novel Coronavirus ကူးစက်ခံရသူများမှာ တရုတ်အပါအဝင် နိုင်ငံပေါင်း (၂၅) နိုင်ငံအထိ တိုးလာသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကမ္ဘာ့အရေးပေါ်အခြေအနေကြေညာထားကာ မြန်မာ အပါအဝင် နိုင်ငံတကာတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှု ကာကွယ်ရေးလုပ်ဆောင်နေကြရခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးမှုများမှာ တရုတ်နိုင်ငံအတွင်း၌  မြင့်တက်နေသည်ကိုလည်း တွေ့ရပြီး အခြားနိုင်ငံများ၌ ကူးစက်ခံရ၍ သေဆုံးသူမရှိသေးသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့က စတင်ခဲ့သည့် ကိုရိုနာဗိုင်းရပ်အဆုတ်ရောင်ရောဂါသည် တရုတ်နိုင်ငံ အပါအဝင် ဂျပန်၊ စင်္ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား၊  သြစတေးလျာ၊ ဂျာမဏီ၊ အမေရိကန်၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ကနေဒါ၊ အာရပ်ဆော်ဘွားနိုင်ငံ၊ အိန္ဒိယ၊ အီတလီ၊ ရုရှား၊ ဖီလစ်ပိုင်၊ ဗြိတိန်၊ နီပေါ၊ ကမ္ဘောဒီးယား၊ စပိန်၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင် နှင့် သီရိလင်္ကာ စသည့် နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ  ကူးစက်ပျံ့နှံ့နေခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~