မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်စည်ပင်အင်ဂျင်နီယာမှူးကိုကျပ်သိန်း၂၀နှင့်ပတ်သက်၍အဂတိကအမှုူဖွင့်

မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်စည်ပင်အင်ဂျင်နီယာမှူးကိုကျပ်သိန်း၂၀နှင့်ပတ်သက်၍အဂတိကအမှုူဖွင့်
ဒီဇင်ဘာ 10, 2019
By Tachileik News Agency

မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် စည်ပင်အင်ဂျင်နီယာမှူးကို ကျပ်သိန်း၂၀နှင့် ပတ်သက်၍ 
အဂတိက အမှုူဖွင့်

ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၂၀)နှင့်ပတ်သက်၍ လက်ရှိ မဘိမ်းမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးတို့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်လိုက်သည်။

မွန်ပြည်နယ်လွှတ်တော်ရုံး (၄)ခန်းတွဲ၊ (၄)ထပ် အိမ်ရာဆောက်လုပ်ခြင်း၊ သထုံမြို့ နယ် LED လမ်းမီး အလုံး (၅၀၀) တပ်ဆင်ခြင်းနှင့် သထုံမြို့နယ် ဒေးဗရိန်းကျေးရွာတွင် ကုန်ထုတ်တံတား(၈၀x၂၀)ပေ တည်ဆောက်ခြင်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် (၁/၂၀၁၇)နှင့်အညီ လိုက်နာ ဆောင်ရွက်မှုမရှိခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးအရေးယူပေးပါရန် တိုင်ကြားခဲ့မှုနှင့်ပတ်သက်၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိ မဘိမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းသည် ၂၀၁၈ ခုနှစ်က သထုံမြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ယူထားစဉ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်မှ သထုံမြို့နယ် လမ်းမီးလင်းရေးအတွက် LED လမ်းမီး အလုံး(၅၀၀) ဝယ်ယူတပ်ဆင်ရန် ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၅၀၀) ကို ထုတ်ယူပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေစာရင်းတွင် ထည့်သွင်း ထိန်းသိမ်းထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့တွင် သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်းအား LED လမ်းမီးဝယ်ယူတပ်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းတာဝန်ပေးခဲ့ရာ အင်ဂျင်နီယာမှူး ဦးတင်ထွန်းက ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း နေပြည်တော်၊ ပျဉ်းမနားမြို့ ဘောဂသီရိကားဝင်းရှိ ကုမ္ပဏီတစ်ခုထံမှ 100 Watt LED Street Lamp အစုံ (၅၀၀) နှင့် 24 Hour Timer Complete Set (၁၀)စုံ တို့ကို ငွေကျပ် သိန်း(၄၈၀)ဖြင့် ဝယ်ယူတပ်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီသို့ ငွေပေးချေရာတွင် ခွင့်ပြုငွေများကို ထုတ်ယူသုံးစွဲသူ ကြီးကြပ်သူအရာရှိဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ကျသင့်ငွေကျပ် သိန်း (၄၈၀) အစား ငွေကျပ် သိန်း (၄၆၀) ကိုသာ မီးလုံးဝယ်ယူတပ်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွန်းမှတစ်ဆင့် ပေးချေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ငန်းပြီးသည် အထိ ကုမ္ပဏီသို့ပေးချေရမည့် ခွင့်ပြုငွေကျပ် သိန်း(၂၀)ကို မြို့နယ်အုပ်ချုပ်ရေးမှူးက မပေးဘဲထားခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်းကလည်း ကုမ္ပဏီအား ငွေကျပ် သိန်း (၄၆၀) ကိုသာ ထုတ်ပေးခဲ့သော်လည်း စာရင်းစစ်အဖွဲ့မှ စစ်ဆေးခံနိုင်ရန် ငွေကျပ် သိန်း (၄၈၀) လက်ခံရရှိကြောင်း ပြေစာ၌ လက်မှတ်ရေးထိုး၍ Back Date ဖြင့် စာရင်းပြုစုခဲ့သည်ကို စစ်ဆေးသိရှိခဲ့ကြောင်း သိရသည်။

တိုင်ကြားခံရပြီးနောက် ဦးသိန်းဝင်းက ၎င်းထိန်းသိမ်းရယူထားသော ခွင့်ပြုငွေကျပ် သိန်း (၂၀)ကို ဦးတင်ထွန်းအား ပေးခဲ့ပြီး ဦးတင်ထွန်းကလည်း လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်ဟု စစ်ဆေးရေးအဖွဲ့က မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း (ယခုမဘိမ်းမြို့နယ် အုပ်ချုပ်ရေးမှူး)နှင့် သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးတင်ထွန်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ သထုံမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~