ကျောင်းအတွက် အထောက်အကူပေးရန် ကျောင်းသားဟောင်းများရုံးခန်းကို မကွေးတက္ကသိုလ်တွင် ဖွင့်လှစ်

ကျောင်းအတွက် အထောက်အကူပေးရန် ကျောင်းသားဟောင်းများရုံးခန်းကို မကွေးတက္ကသိုလ်တွင် ဖွင့်လှစ်
ဒီဇင်ဘာ 20, 2019
By Tachileik News Agency
ကျောင်းအတွက် အထောက်အကူပေးရန် ကျောင်းသားဟောင်းများရုံးခန်းကို 
မကွေးတက္ကသိုလ်တွင် ဖွင့်လှစ်

မကွေးတက္ကသိုလ်ဆင်း ကျောင်းသူကျောင်းသားများ အလုပ်အကိုင်အခွင့်အလမ်း အကူအညီပေးရေးနှင့် ဆရာ၊ဆရာမများအား ကူညီပံ့ပိုးပေးနိုင်ရန် ကျောင်းသားဟောင်းအဖွဲ့၏ ရုံးခန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် မကွေးတက္ကသိုလ်၌  ဖွင့်လှစ်လိုက်သည်။

“ကျောင်းသားဟောင်းဖွဲ့ဖို့က အရင်နှစ်တွေကတည်းက ဆန္ဒရှိခဲ့ကြတာပါ။ ဆရာကန်တော့ပွဲတွေကို ခမ်းခမ်း နားနား ပြုလုပ်နိုင်ဖို့အပြင် တက္ကသိုလ်မှာ လက်ရှိတက်နေကြတဲ့ မျိုးဆက်သစ်ကျောင်းသူ ကျောင်းသားတွေအတွက် နယ်ပယ်အသီးသီးမှာ ကျင်လည်နေကြတဲ့ ကျောင်းသားဟောင်းတွေက ဘာတွေလုပ်ပေးနိုင်မလဲ။ သူတို့တစ်တွေ ကျောင်းပြီးလို့ရှိရင်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေရရှိအောင် ဘယ်လိုကူညီပေးနိုင်မလဲ။ ဆရာ၊ဆရာမတွေရဲ့ ကျန်းမာရေး၊ လူမှုရေးတွေအပေါ်မှာရော ဘာတွေ အကူအညီပေးနိုင်မလဲဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ဖွဲ့စည်းတာပါ”ဟု ကျောင်းသားဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ဆောင်းကလျာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းသားဟောင်းများအဖွဲ့ရုံးခန်းကို မကွေးတက္ကသိုလ် နှစ်ထပ်ဆောင်အပေါ်ထပ်၌ ဖွင့်လှစ်ထားရှိမည်ဖြစ် ကြောင်းသိရပြီး ကျောင်းသားဟောင်းအဖွဲ့ ဥက္ကဌအဖြစ် ဦးကြည်သန်း၊ အတွင်းရေးမှူးအဖြစ် ဦးမြသန်းဝင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးဖိုးနီတို့က တာဝန်ယူထားကြောင်း သိရသည်။

မကွေးတက္ကသိုလ် အဆင့်တိုးမြှင့်သည့် (၂၅) နှစ်ပြည့် ငွေရတုပွဲအထိမ်းအမှတ်ပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဒုတိယ ဥက္ကဌနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ မကွေးကောလိပ် ကျောင်းအုပ်ကြီး(ငြိမ်း) ဦးတင်ဦးလှိုင်တို့ တက်ရောက်ကြပြီး အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ်ဆိုင်းဘုတ်၊ ငွေရတုပန်းခြံ၊ သစ်မျိုးစုံဥယျာဉ်၊ ကျောင်းသားဟောင်းများရုံးခန်း၊ တက္ကသိုလ်မော်ကွန်းတိုက်၊ တက္ကသိုလ်သမိုင်းပြတိုက်တို့ ကိုလည်း ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~