လားရှိုးတွင် အမျိုးသားနှင့် အမျိုးသမီးဦးရေ ၁၀၀ ပါဝင်မည့် ဆိုင်ကယ်အနှေးစီးပြိုင်ပွဲကျင်းပမည်

လားရှိုးတွင် အမျိုးသားနှင့် အမျိုးသမီးဦးရေ ၁၀၀ ပါဝင်မည့် ဆိုင်ကယ်အနှေးစီးပြိုင်ပွဲကျင်းပမည်
နိုဝင်ဘာ 27, 2019
By 🌸

လားရှိုးတွင် အမျိုးသားနှင့် အမျိုးသမီးဦးရေ ၁၀၀ ပါဝင်မည့် ဆိုင်ကယ်အနှေးစီးပြိုင်ပွဲကျင်းပမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်း၌ အမျိုးသား (၅၀)နှင့် အမျိုးသမီး (၅၀)ပါဝင်သည့် မော်တော်ဆိုင်ကယ် အနှေးစီးပြိုင်ပွဲကို ပြုလုပ်သွားမည်ဖြစ်၍ မည်သူမဆို စာရင်းပေးသွင်းနိုင်ကြပြီဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး ( ၁၆ ) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အဖြစ် ကျင်းပသည့် မော်တော်ဆိုင်ကယ် အနှေးစီးပြိုင်ပွဲနှင့်အတူ အန္တရာယ်ဖြစ်စေနိုင်သည့် မောင်းနှင်ခြင်းများ သရုပ်ပြပွဲကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို လားရှိုးမြို့၊  ရပ်ကွက် (၁၂ )ရှိ ပြည်ထောင်စုအားကစားကွင်းအတွင်း နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် (၇) နာရီမှ (၉) နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရပြီး ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ပြိုင်ပွဲဖြစ်မြောက်ရေး တာဝန်ခံ ဖုန်း 09-786108499 သို့ နိုဝင်ဘာလ (၂၈) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ဆိုင်ကယ်နှင့် ဆိုင်ကယ်မောင်းနှင်သူမှာ လိုင်စင်ရှိရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အမျိုးသား(၅၀)ဦးနှင့် အမျိုးသမီး ( ၅၀ )ဦး လက်ခံမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားလုံးအတွက် ခေါင်းစွပ်ပါ အနွေးထည်တစ်ထည်စီ၊ ပထမဆုအဖြစ် ငွေကျပ် တစ်သိန်း၊ ဒုတိယဆု ကျပ် ခုနှစ်သောင်းနှင့် တတိယဆု  ကျပ် လေးသောင်းနှင့် အမှတ်တရဆုတံဆိပ်တစ်ခုစီ ချီးမြှင့်သွားမည်ဟု သိရသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး ( ၁၆ ) ရက်တာ လှုပ်ရှားမှုတွင် ကျား၊ မ မရွေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အထိမ်းအမှတ်တစ်ရပ် ထည့်သွင်းဆောင်ရွက်လိုသည့်အတွက် ကျား၊မ မရွေးအန္တရာယ်ဖြစ်စေသည့် မော်တော်ဆိုင်ကယ်မတော်တဆမှုများ လျှော့ချစေနိုင်သည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးနိုင်ရန်နှင့် ပျော်ရွှင်ဖွယ်ယှဉ်ပြိုင်မှုများမှတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိစေနိုင်ရန် ရည်ရွယ်၍ အဆိုပါ ပြိုင်ပွဲကိုလုပ်ဆောင်ခြင်းဖြစ်သည်ဟု အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး ( ၁၆ ) ရက်တာ လှုပ်ရှားမှုကို ဆောင်ရွက်နေသည့် UNICEF ( လားရှိုး )မှ ပြိုင်ပွဲတာဝန်ခံ မနန်းမိုခမ်းထံမှ သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ နေဖြိုးမြင့်

ဆက်စပ်သတင်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~