တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)မှ သစ်ပင်ခြောက်နှစ်ပင်ကို ထိုင်းစည်ပင် နှင့် မြန်မာဘက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဖယ်ရှား

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)မှ သစ်ပင်ခြောက်နှစ်ပင်ကို ထိုင်းစည်ပင် နှင့် မြန်မာဘက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဖယ်ရှား
နိုဝင်ဘာ 24, 2019
By Tachileik News Agency
တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)မှ သစ်ပင်ခြောက်နှစ်ပင်ကို ထိုင်းစည်ပင် နှင့်
 မြန်မာဘက် သက်ဆိုင်ရာများ ပူးပေါင်းဖယ်ရှား 

တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားထပ်ရှိ သစ်ပင်ခြောက်နှစ်ပင်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် (၈)နာရီမှ ညနေ (၅)နာရီ ဝန်းကျင်အထိ ထိုင်းစည်ပင်က လာရောက်ရှင်းလင်းပေးသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ စည်ပင်သာယာရေးဌာနက ကရိန်းကားနှစ်စီးဖြင့် လာရောက်ခုတ်ထွင် ရှင်းလင်းပေးရာ ဘေးအန္တရာယ်ကင်းရန်အတွက် နေ့လယ် (၁)နာရီဝန်းကျင်မှ ညနေ (၅)နာရီကျော်အထိ လျှပ်စစ်မီးဖြတ်တောက်ထားခဲ့ရသည်။

ကုက္ကိုပင်ခြောက်နှစ်ပင်ကို ခုတ်ထွင်ရှင်းလင်းမှုကို တာချီလိတ်ဘက်မှ စည်ပင်သာယာရေးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ မဇ္ဈိမလူမှုကူညီရေးအသင်း လူမှုရေးအသင်းအဖွဲ့တို့ကလည်း ကူညီရှင်းလင်းပေးခဲ့ကြခြင်း ဖြစ်ပြီး လျှပ်စစ်နှင့်မီးလင်းရေး၊ ဆက်သွယ်ရေး အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသစ်ပင်များ ထိုင်းစည်ပင်က ဖယ်ရှားရှင်းလင်းရေးအတွက် ကုန်ကျစရိတ် ထိုင်းဘတ်ငွေ (၄၂,၀၀၀)ဘတ်(မြန်မာကျပ်ငွေ ၂၁ သိန်း) ကို တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ကျခံပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း ၊ အောင်ကျော်ဝင်းစိန်၊ ဦးထွန်း(မယ်ဆိုင်)၊

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net