လားရှိုးမြို့၌ ကျင်းပနေသည့် တရုတ် - မြန်မာ ကုန်စည်ပြပွဲတွင် အရောင်းပြခန်းပေါင်း ၁၄၀ နှင့်အတူ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်

လားရှိုးမြို့၌ ကျင်းပနေသည့် တရုတ် - မြန်မာ ကုန်စည်ပြပွဲတွင် အရောင်းပြခန်းပေါင်း ၁၄၀ နှင့်အတူ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်
နိုဝင်ဘာ 21, 2019
By Tachileik News Agency

လားရှိုးမြို့၌ ကျင်းပနေသည့် တရုတ် - မြန်မာ ကုန်စည်ပြပွဲတွင် အရောင်းပြခန်းပေါင်း ၁၄၀ နှင့်အတူ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် တရုတ် - မြန်မာ ပထမဦးဆုံး နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျင်းပနေပြီး မြန်မာနှင့် တရုတ်ထွက်ကုန်ပစ္စည်း အရောင်းပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

လားရှိုး - လင်ချမ်း ပထမဆုံး နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မိုးလုံလေလုံလေ့ကျင့်ရေးအားကစားကွင်း၌ ကျင်းပနေရာ မြန်မာနိုင်ငံဘက်မှ ကုမ္ပဏီ ( ၃၂ )ခုက ပြခန်းပေါင်း (၆၀) နှင့် တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီ (၄၈)ခုက ပြခန်းပေါင်း (၈၀) ပါဝင်ပြသနေခြင်းဖြစ်သည်။

"မြန်မာ-တရုတ် နှစ်နိုင်ငံကုန်စည်ပြပွဲကို ၂၀၀၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံ၊ မူဆယ်မြို့နဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ တို့မှာ နှစ်စဉ် အလှည့်ကျ ကျင်းပခဲ့တာဖြစ်ပြီး ယခုကုန်စည်ပြပွဲကတော့ မြန်မာနိုင်ငံဘက်က လားရှိုးမြို့နဲ့ တရုတ်နိုင်ငံဘက်က လင်ချန်းမြို့တို့အကြား ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပါတယ်။ ဒီပြပွဲဟာ ဒေသနှစ်ခု ပူးပေါင်းဆောင်ရွက်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ ဒေသခံ ပြည်သူတွေအနေနဲ့ ကုန်စည်ပြပွဲကို အသုံးပြုပြီးတော့ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ဖို့ လိုပါတယ်" ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး  ဦးစိုးညွှန့်လွင် က ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံမှူးကြီး မစ္စလီရှောင်ယဲ့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

မြန်မာနိုင်ငံဘက်ရှိ ကုမ္ပဏီများက ပြသသည့် ဆိုင်ခန်းများတွင် ဒေသထွက်စားသောက်ကုန်များ၊ အမှတ်တရ လက်ဆောင်ပစ္စည်း၊ လက်ဖက်နှင့်ကော်ဖီ၊ ခေါက်ဆွဲခြောက်နှင့် ကြာဆံခြောက်များ၊ သစ်အချောထည်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာများ စသည်တို့ပါဝင်ပြီး တရုတ်ဘက်က ကုမ္ပဏီများက ပြသည့် ဆိုင်ခန်းများ၌ စားသောက်ကုန်များ၊ နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်း၊ လူသုံးကုန် နှင့် အလှကုန်ပစ္စည်းများ ပါဝင်ပြသနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - စားသုံးသူရေးရာ(လားရှိုး)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net