မြန်မာ့သိုင်းဗန်တိုနှင့် ဘောလီဘောပြိုင်ပွဲများကို မတ်လ (၃၀)ရက်နေ့အထိ တာချီလိတ် မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပမည်

မတ် 28, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြန်မာ့သိုင်းဗန်တို(အတိုက်) ပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲကို (၇၄) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့က စတင်ကျင်းပရာ ပြိုင်ပွဲဝင်စုစုပေါင်း (၃၉)ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြသည်။

"အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ့သိုင်းပြိုင်ပွဲမှာ ပြည်နယ်လက်ရွေးစင် မွေးထုတ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ နွေရာသီသင်တန်းနဲ့ တဆက်တစပ်တည်းကျင်းပပြုလုပ်တာဖြစ်ပါတယ်"ဟု အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာချီလိတ် မြို့နယ်အားကစားမှူး ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲများကို တာချီလိတ်မြို့ရှိ အင်းသားလူမှုရေးအသင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မတ်လ (၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာသိုင်းဗန်တို(အတိုက်) ပြိုင်ပွဲ အမျိုးသား (၂၅-၂၈) ကီလိုတန်းတွင် (၁၅) ဦး၊ အမျိုးသား (၁၅- ၂၄) ကီလိုတန်းတွင် (၈) ဦး၊ အမျိုးသား (၄၀-၄၅) ကီလိုတန်းတွင် (၆) ဦး၊ အမျိုးသား (၅၀-၅၅) ကီလိုတန်းတွင် (၆) ဦး၊ အမျိုးသမီး (၅၀-၅၅) ကီလိုတန်းတွင် (၄) ဦး စုစုပေါင်း (၃၉) ဦးဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။

"ဆုတွေအနေနဲ့က ဘောလီဘောက ပ၊ ဒု။ ဗန်တို အတိုက်ပြိုင်ပွဲမှာ အတန်းလိုက်ကို ပ၊ ဒု၊ တ ပေးမယ်။ ဗန်တို (၆၃) မောင်း အသင်းလိုက်ပြိုင်ပွဲရှိတယ်။ အသင်း (၅) သင်းရှိတယ်။ အဲဒါက ပထမတစ်သင်းပဲပေးမယ်"ဟု ဦးသန်းလှိုင်က ပြောသည်။

ဘောလီဘောပြိုင်ပွဲတွင် အသင်း (၅) သင်းဝင်ရောက်ယှဉ်ပြိုင်နေပြီး ပထမဆု ငွေကျပ်နှစ်သိန်းနှင့်ဆုတံဆိပ်၊ ဒုတိယဆု ငွေကျပ်တစ်သိန်းခွဲနှင့်ဆုတံဆိပ်၊ မြန်မာ့သိုင်းဗန်တို(အတိုက်)ပြိုင်ပွဲများအတွက် ဆုများကို အင်းသားလူမူရေးအသင်းတာချီလိတ်မှ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net