စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍ (၆)နှစ်အတွင်း (၁၇၂)ဦးကို တရားစွဲဆိုထား

ဒီဇင်ဘာ 17, 2018
By 🌸
ငွေကြေးလုပ်ငန်းလိုင်စင်မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုခေါ်ယူခြင်း၊ တရားမဝင် စတော့ ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင်ငွေကြေး လွှဲပြောင်းခြင်းများနှင့်ပတ်သက်၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ အမှုပေါင်း (၁၅၄) မှုဖြင့် တရားခံ (၁၇၂) ဦးအား တရားရုံးသို့ တရားစွဲ တင်ပို့ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

အစုရှယ်ယာများကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားသော အများနှင့် သက်ဆိုင်သော ကုမ္ပဏီများအနက်မှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်ရှိသော ကုမ္ပဏီများကသာလျှင် ရောင်းချခွင့်ရှိခြင်းဖြစ်သော်လည်း လူမှုကွန်ယက်စာမျက်နှာတွင် အမြတ်ငွေများစွာရမည်ဟု မက်လုံးပေး၍ အစုရှယ်ယာရောင်းချမှုများနှင့် အခြားနည်းဖြင့် ငွေကြေးရင်းနှီးမြုပ်နှံမှု လိမ်လည်ရယူခြင်းများကြောင့် ငွေကြေးဆုံးရှုံးရသူများရှိနေခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်များကြောင့် အစုရှယ်ယာရောင်းချခွင့်ရှိသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများစာရင်းကို နိုင်ငံပိုင် သတင်းစာတွင် ကြော်ငြာထုတ်ပြန်နေသည့်အပြင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများအတွက် သတ်မှတ်ချက် အမိန့်ကြော်ငြာစာ အမှတ်(၅၉/၂၀၁၈)ကို အများပြည်သူသိရှိစေရန် www.dica.gov.mmတွင် ကြော်ငြာပေးထားကြောင်း သိရသည်။

ငွေကြေးဆိုင်ရာလိမ်လည်မှု လျော့နည်းကျဆင်းစေရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မှုခင်းအသိပညာပေး ဟောပြောပွဲများတွင် ထည့်သွင်းအသိပညာပေးခြင်း၊ အင်တာနက်၊ Website များ၊ လူမှုကွန်ရက်များအသုံးပြု၍ ပြည်သူလူထုသို့ အသိပညာပေးခြင်းနှင့် ပြစ်မှုကျူးလွန်သူအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အင်တာနက် အွန်လိုင်း သို့မဟုတ် အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ ငွေကြေးလုပ်ငန်း လိုင်စင်မှတ်ပုံတင်ထားခြင်းမရှိဘဲ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူ ခြင်း၊ တရားမဝင်ငွေ စတော့ရှယ်ယာများ ရောင်းချခြင်း၊ ပြည်ပသို့ တရားမဝင်ငွေကြေးများ လွှဲပြောင်း ခြင်းစသည့် စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍ တိုင်ကြားလာသည့်အမှုအရေအတွက်၊ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူထားသည့် အမှုအရေအတွက်နှင့် ငွေကြေးဆိုင်ရာ လိမ်လည်မှုများ လျော့နည်းပပျောက်စေရန် ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခြင်းအား ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ပြည်သူ့လွှတ်တော်

~~~~~~~~⊰❂ unicode ~~~~~~~~
စီးပွားရေးဆိုင်ရာ ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍ (၆)နှစ်အတွင်း (၁၇၂)ဦးကို တရားစွဲဆိုထား
***************

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~