ဂျိမ်းဖောရတနာအသင်းမှ ၂၀၁၆ ချန်ပီယံအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရယူ

ဂျိမ်းဖောရတနာအသင်းမှ ၂၀၁၆ ချန်ပီယံအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရယူ
ဖေဖော်ဝါရီ 22, 2016
By Tachileik News Agency

ကျိုင်းတုံ၊ ဖေဖော်ဝါရီလ(၂၂) ။     ။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပသည့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ၂၀၁၆ ခုနှစ်တွင် ဂျိမ်းဖောရတနာအသင်းက ရပ်ကွက်(၁)အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် ၂၀၁၅ ခုနှစ် ချန်ပီယံ တြိဂံတိုင်းစစ်ဌာနချုပ်အသင်း၏ဖလားကို ရယူသွားကြောင်း သိရသည်။

"အခုလို ပထမဆုရတဲ့အတွက် ကျွန်တော့်အသင်းအတွက် ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒီနေ့ ကစားခဲ့ကြတဲ့ နှစ်သင်းလုံးကောင်းပါတယ်။ လူငယ်တွေဖြစ်တာနဲ့အညီ တွန်းတွန်းတိုက်တိုက် ကြိုးစား ကစားကြပါတယ်"ဟု ဂျိမ်းဖောရတနာအသင်းနည်းပြ ဦးသူရနိုင်က ပြောသည်။

ကျိုင်းတုံ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲတွင် စုစုပေါင်း ဘောလုံးအသင်း (၁၅)သင်းဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြီးခဲ့သည့်နှစ် ချန်ပီယံအသင်းဖြစ်သည့် တြိဂံတိုင်း စစ်ဌာနချုပ်အသင်းမှာ ယခုနှစ်တွင် အုပ်စုအဆင့်တွင်ပြုတ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဒုတိယရရှိသော ဂျိမ်းဖောရတနာအသင်းမှ ယခုနှစ်တွင် ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့ ညနေ(၃)နာရီက ကျိုင်းတုံမြို့ရှိ  မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် ဂျိမ်းဖောရတနာအသင်းနှင့် ရပ်ကွက်(၁)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမပိုင်း (၄၅)မိနစ်အတွင်း ဂိုးမရှိသရေဖြင့် ပထမပိုင်းပြီးခဲ့သည်။

ထို့နောက် ဒုတိယပိုင်းကို ဆက်လက်၍ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဒုတိယပိုင်းပွဲစပြီး မိနစ်အနည်းငယ်အကြာတွင် ဂျိမ်းဖောရတနာအသင်းမှ ဦးဆောင်ဂိုးစတင် ရရှိခဲ့သော်လည်း ပွဲချိန်(၇၅)မိနစ်ခန့် အရောက်တွင် ဂျိမ်းဖောရတနာအသင်းမှ ကစားသမားတစ်ဦးသည် (၂)၀ါ၊(၁)နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

ထို့ကြောင့် ဂျိမ်းဖောရတနာအသင်းမှ ကစားအားအနည်းငယ် လျော့ကျခဲ့ပြီး နောက်ဆုံးတွင် ဂျိမ်းဖောရတနာအသင်းမှ (၁)ဂိုး ရပ်ကွက်(၁) အသင်းမှ ဂိုးမရှိဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလားကို ရရှိခဲ့သည်။

၂၀၁၆ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလားပွဲစဉ်တွင် အကောင်းဆုံး ဂိုးသမားဆုကို ဂျိမ်းဖောရတနာအသင်းမှ စိုင်းအောင်ဟိန်း၊ နောက်တန်း အကောင်းဆုံး ကစားသမားဆုကို ဂျိမ်းဖောရတနာအသင်းမှ မောင်မြင့်ထွန်း၊ အလယ်တန်း အကောင်းဆုံးကစားသမားဆုကို ရပ်ကွက်(၁)အသင်းမှ မောင်တေဇာလင်း၊ ရှေ့တန်း အကောင်းဆုံး ကစားသမားဆုကို ဂျိမ်းဖောရတနာအသင်းမှ မောင်အာဘောယာနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကို ရပ်ကွက်(၁)အသင်းမှ မောင်စည်သူဝင်းတို့က အသီးသီးရရှိခဲ့ကြသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသော ရပ်ကွက်(၅)အသင်းအား ဆုဖလားနှင့် ဆုငွေကျပ်(၂)သိန်း၊ ဒုတိယဆုရရှိသော ရပ်ကွက်(၁)အသင်းအား ဆုဖလားနှင့် ဆုငွေကျပ်(၃)သိန်း၊ ပထမဆုရရှိသော ဂျိမ်းဖောရတနာအသင်းအား ဆုဖလားနှင့် ဆုငွေကျပ်(၅)သိန်းတို့ကို အသီးသီး ချီးမြှင့်လိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ/သတင်း ။  ။ ဇွဲမြတ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net