ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၏ ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်တွင် ယခင်နှစ်ထက် ကျောင်းသားဦးရေ တိုးလာ

ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၏ ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်တွင် ယခင်နှစ်ထက် ကျောင်းသားဦးရေ တိုးလာ
ဇန်နဝါရီ 21, 2016
By Tachileik News Agency
သတင်း။  ။ ဇွဲမြတ်

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ယခင်နှစ်ထက် ကျောင်းသား၊ ကျောင်းသူဦးရေ များပြားလာကြောင်း သိရသည်။

"မနှစ်က ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်မှာ အတန်းစုံ ကျောင်းသား၊ ကျောင်းသူ ဦးရေ(၆၇)ဦး ရှိခဲ့ပြီး ဒီနှစ်မှာတော့ (၁၀၆)ဦးထိ ရှိလာပါတယ်။ ဘာလို့လဲဆိုတော့ နည်းပညာတွေက တိုးတက်လာတာနဲ့အမျှ လူငယ်တွေက ကွန်ပျူတာ ဘာသာရပ်ကို စိတ်ဝင်စားလာလို့ရယ်၊ တက္ကသိုလ်စိစစ်ရွေးချယ်ရေးက တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ်တွေ လျှော့ပေါ့လာလို့ရယ်ပါ"ဟု ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၏ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ခင်မာမျိုးက ပြောသည်။

ကျိုင်းတုံကွန်ပျူတာတက္ကသိုလ်မှ ပေးအပ်သော ကွန်ပျူတာနည်းပညာဘွဲ့နှင့် ကွန်ပျူတာသိပ္ပံဘွဲ့တို့်အတွက် ငါးနှစ်တာ တက်ရောက်ရမည်ဖြစ်ပြီး ဆရာ၊ဆရာမ (၂၀)ဦးဖြင့် သင်ကြားနေကြောင်း ၎င်းထံမှသိရသည်။

ထို့ပြင် ယခုနှစ်မှ စတင်၍ ကျောင်းတွင် အဆောင်များ ဖွင့်လှစ်ထားရှိကာ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို လက်ခံထားရှိနေပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံကွန်ပျူတာ တက္ကသိုလ်သည် ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ စ၍ အစိုးရကွန်ပျူတာ ကောလိပ်အဖြစ် စတင်ရပ်တည်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလတွင် ကွန်ပျူတာတက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~