မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်ခြားမျဉ်း အမှတ်(၇၀)အနီး မိုင်းနင်းမိ၍ ရွာသားတစ်ဦး သေဆုံး

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်ခြားမျဉ်း အမှတ်(၇၀)အနီး မိုင်းနင်းမိ၍ ရွာသားတစ်ဦး သေဆုံး
နိုဝင်ဘာ 29, 2015
By Tachileik News Agency

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံနယ်စပ်၊ ချင်းပြည်နယ်၊ လားဘာဝကျေးရွာမှ ရွာသားတစ်ဦး မိုင်းနင်းမိ၍ အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လည်ပိုင်းက သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

"နယ်ခြားမျဉ်း အမှတ်(၇၀)အနီးမှာ မိုင်းနင်းမိပြီး ဘယ်ဘက်ဒူးအောက် တစ်ချောင်းလုံးပြတ်ပြီး သွေးထွက်လွန်ပြီး သေသွားတာပါ၊ သေသွားသူနာမည်က ဦးရန်သန့်၊ အသက်ကတော့ (၅၂)နှစ်ရှိပြီ"ဟု ဒေသခံ လားဘာဝကျေးရွာမှ ရွာသားတစ်ဦးက ပြောလာသည်။

မိုင်းနင်းမိသော ကျေးရွာသားမှာ နယ်ခြားမျဉ်းအမှတ် BP(၇၀)အနီး မြောက်ဘက်ကိုက် (၆၀၀)ခန့်အကွာတွင် ၀ါးခုတ်ရန်သွားရောက်စဉ်မှည မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

"မိုင်းထိထိချင်း ကျွန်တော်တို့တပ်က ရွာနားမှာမရှိဘူး၊ အဓိကတော့ တပ်မတော်လှုပ်ရှားစစ်ကြောင်းကို ထောင်တဲ့မိုင်းပါ၊ သူတို့နေတာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် အခြမ်းမှာ အင်အား(၈၀)လောက်ရှိမယ်၊ လှမ်းပစ်ရင်လည်း နှစ်နိုင်ငံ နိုင်ငံရေးပြဿနာဖြစ်လာနိုင်လို့ ဒီအတိုင်းကြည့်နေရတယ်.."ဟု နယ်မြေခံ တပ်မတော် အရာရှိတစ်ဦးထံမှ သိရသည်။

မိုင်းမှာ ရခိုင်လွတ်မြောက်ရေးတပ်မတော် လက်နက်ကိုင်အဖွဲ့(AA) (သို့) ရခိုင်လွတ်မြောက်ရေးပါတီ(ALP)အဖွဲ့မှ ထောင်ထားသောမိုင်းဖြစ်နိုင်ကြောင်း၊ နယ်ခြားမှတ်တိုင် BP(၇၀)အနီးရှိ တစ်ဖက်နိုင်ငံအတွင်း မော်ဒုတ်ကြီးကျေးရွာတွင် ရခိုင်တပ်မတော်(AA)နှင့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)တို့ နေထိုင်လျှက်ရှိကြောင်း နှင့် ယခင်ကလည်း ထောင်ထားသော မြေမြုပ်မိုင်းများကြောင့် ကျေးရွာသားများ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ ကြော်ငြာ ~~~~~~~~~