မိုင်းယောင်းရှိ ရေဘေးသင့်ပြည်သူများအား စေတနာရှင်များမှ လှူဒါန်းထားသည့် ထောက်ပံ့ငွေ (၁၈)သန်း နှင့်အတူ ထောက်ပံ့ပစ္စည်းများ ပေးအပ်

မိုင်းယောင်းရှိ ရေဘေးသင့်ပြည်သူများအား စေတနာရှင်များမှ လှူဒါန်းထားသည့် ထောက်ပံ့ငွေ (၁၈)သန်း နှင့်အတူ ထောက်ပံ့ပစ္စည်းများ ပေးအပ်
စက်တင်ဘာ 4, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စုရှိ မိုင်းဟန်ကျေးရွာ၊ ပန်မကြူကျေးရွာနှင့် ရှေခင်ကျေးရွာများတွင် သြဂုတ်လ(၃)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ် ခြေများ ရေမျောပျက်စီးခဲ့သဖြင့် အဆိုပါ နေအိမ်များမှ ရေဘေးသင့် ပြည်သူများအား ခရိုင်စီမံခန့်ခွဲမှုကော်မတီ နှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် ငွေကျပ်သိန်း(၁၈၀) နှင့် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာလ(၃)ရက်၊ မွန်းလွဲ (၂)နာရီ အချိန်က မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဦးက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် စပ်လျဉ်းပြီး အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှူး ဦးမင်းသိမ်း နှင့် မိုင်းယောင်းမြို့နယ်ကြက်ခြေနီအသင်းမှ ဒုတိယတပ်ရင်းမှူး ဦးသန့်ဇင်ဦးတို့က ကျေးရွာများရှိ အမှန်တကယ် ပျက်စီးဆုံးရှုံးပြီး ပြန်လည် ပြုပြင်ရန်လိုအပ်သည့် လူနေအိမ်များမှ အိမ်ထောင်စု (၁၈)စု အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် ငွေကျပ်သိန်း(၁၈၀) နှင့် ငွေကျပ်(၂၇၅,၀၀၀) တန်ဖိုးရှိ ဘိလပ်မြေ အိတ်(၅၀)၊ ငွေကျပ်(၁၂၀,၀၀၀)တန်ဖိုးရှိ (၁၀)ပေသွပ် အချပ်(၃၀)တို့ကို ပေးအပ်သည်။

ယင်းအပြင် ငွေကျပ်(၂,၁၆၀,၀၀၀)တန်ဖိုးရှိ ဆန် (၃၆) အိတ်၊ ငွေကျပ်(၉၄၅,၀၀၀)တန်ဖိုးရှိ ခေါက်ဆွဲဖာ(၂၁၀)ဖာ၊ ငါးသေတ္တာ(၁၀)ကတ်၊ ခြုံစောင် (၁၅)ထုပ်၊ ပစ္စည်းစုံ (၉၄)ဖာ၊ ဖန် မီးအိမ်(၁၀)စုံ နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပေးပို့သည့် ပစ္စည်း(၉)မျိုးပါ ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ရေဘေးသင့်ပြည်သူများက လက်ခံရယူပြီး၊ မိုင်းဟန်ကျေးရွာနေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ နှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်သည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~