ကျိုင်းလပ်ရေဘေးသင့် အိမ်ထောင်စုများအား ရေရရှိရေးနှင့် မီးရရှိရေး ပစ္စည်းများ လှူဒါန်းပေး

ကျိုင်းလပ်ရေဘေးသင့် အိမ်ထောင်စုများအား ရေရရှိရေးနှင့် မီးရရှိရေး ပစ္စည်းများ လှူဒါန်းပေး
သြဂုတ် 29, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်ပေးမှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ကျေးရွာများရှိ ရေဘေးသင့် အိမ်ထောင်စုများအား သောက်သုံးရေ ရရှိရေး နှင့် မီးရရှိစေရေးအတွက် ရေပိုက်များ၊ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ လှူဒါန်းခြင်းကို သြဂုတ်လ (၂၈)ရက်၊ ညနေပိုင်းက မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ထိုသို့ပေးအပ်ရာတွင် သောက်သုံးရေ ရရှိရေးအတွက် (၄)လက်မပိုက် (၅)ချောင်း၊ (၃)လက်မပိုက် (၅) ချောင်း၊ (၂)လက်မပိုက် (၃၀၀)ချောင်း ၊ မီးရရှိရေးအတွက် (80)W ဆိုလာ Complete Set (၁၁၇)စုံ၊ (20)W မီးချောင်း (၁၁၇)ချောင်း၊ (5)W မီးလုံး (၂၃၄)လုံး တို့ကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်း နှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအိုက်စံ နှင့် ရပ်မိရပ်ဖတို့က လက်ခံယူသည်။

အဆိုပါ ရေဘေးသင့် ကျေးရွာများတွင် သောက်သုံးရေရရှိရေး၊ မီးရရှိရေးအတွက် အမှန်တကယ်လိုအပ် နေသည့်အတွက် စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအတွက် တန်ဖိုးနည်း အိမ်ရာဖြင့် ပြန်လည် တည်ဆောက်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပြီး၊ စာသင်ကျောင်းများတွင် လိုအပ်သည့် စာရေးခုံများအား စီစဉ်ထားပြီးဖြစ်၍ ဆက်လက် လှူဒါန်းပေးမှာဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ရှင်းလင်းပြော ကြားသည်။

ယင်း ကျေးရွာများအတွက် ဌာနဆိုင်ရာများ၊ အလှူရှင် ပြည်သူများ နှင့် ထိုင်းနိုင်ငံမှ အလှူရှင်များက ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့တွင် လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ အပါအ၀င် ငွေကျပ်သိန်း(၁၂၉၅)သိန်းကျော်နှင့် စေတနာရှင်ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများက တိုက်ရိုက် သွားရောက်လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင် ပစ္စည်းများနှင့် အလှူငွေ အပါအ၀င် တန်ဖိုးငွေကျပ်သိန်း (၁၂၅၅)သိန်း ဖြစ်ရာ စုစုပေါင်းငွေကျပ် သိန်း (၂၅၅၀)ကျော် ထောက်ပံ့လှူဒါန်းပေးထားကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~