ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် စေတနာရှင် ပြည်သူများ လှူဒါန်းထားသည့် ကျပ်သန်းပေါင်း (၇၇)သန်းကျော်ကို ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့

ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် စေတနာရှင် ပြည်သူများ လှူဒါန်းထားသည့် ကျပ်သန်းပေါင်း (၇၇)သန်းကျော်ကို ရေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့
သြဂုတ် 20, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်ရေဘေးသင့် အိမ်ထောင်စု (၇၄)စုအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင် ပြည်သူလူထုမှ လှူဒါန်းထားသည့် ကျပ်သန်းပေါင်း (၇၇)သန်းကျော် နှင့် အခြေခံ အစားအစာများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့မှ လက်ဝယ်အရောက် သြဂုတ်လ(၁၉)ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နှင့် မိုင်းယောင်းရေဘေးသင့် အိမ်ထောင်စု (၂၀)အား ကျပ်သန်း(၂၀)ကျော်ကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းပါလျှိုးအုပ်စု၊ နမ့်ကိုင်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ နှင့် အခြေခံအစားအစာများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြရာတွင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် တာဝန်ရှိ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အချို့ နှင့် ဒေသခံများ ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးအရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၇၄)စုအတွက် ငွေ(၂,၂၂၀,၀၀၀)ကျပ်အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအား တစ်ဦးချင်းစီ လက်ဝယ်အရောက် ပေးအပ်သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ အဆိုပါ ရေကြီးရေလျှံမှုကြောင့် သေဆုံးသွားသူ(၁)ဦး နှင့် ပျောက်ဆုံးသွားသူ (၃)ဦး စုစုပေါင်း (၄)ဦးအတွက် တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်ငွေ(၄)သိန်း တိတိကိုလည်း ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

"ပြည်နယ်အစိုးရရဲ့ လမ်းညွှန်ချက်နဲ့ ကျိုးသွားတဲ့ တံတားတွေကို အမြန်ပြင်ဆင်ဆောက်လုပ်ပြီးတဲ့အတွက် ကားတွေအနေနဲ့ ကျိုင်းလပ်အထိ သွားလို့ရပါပြီ၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လှူဒါန်းချင်တယ် ဆိုရင်လည်း လှူဒါန်းလို့ရပေမဲ့ ရေဘေးသင့် ပြည်သူထံ အယောက်စေ့ ရောက်စေဖို့အတွက် ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး ကွပ်ကဲရုံး ဖွင့်လှစ်ထားပါတယ်၊ အဲ့ဒီမှာ စာရင်းအတိအကျ ရရှိယူပြီး သွားရောက် ထောက်ပံ့နိုင်ပါတယ်..."ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောပြသည်။

ကွပ်ကဲရုံးတွင် စာရင်းမယူဘဲ သွားရောက်ထောက်ပံ့ပါက ရပြီးသူများက ရရှိနိုင်ပြီး မရသေးသူများ ရှိနေနိုင်ကြောင်း နှင့် ရေကြီးရေလျှံမှုကြောင့် တံတားစုစုပေါင်း (၁၂)စင်း ထိခိုက်သွားရာတွင် ကျိုးသွားသည့် တံတားများပါဝင်သလို၊ အနည်းငယ် ပျက်စီးသွားသည့် တံတားများလည်း ပါဝင်ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

" ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာတဲ့ နုန်းတွေကိုလည်း ဖယ်ရှားနေသလို၊ မြုပ်နေတဲ့ ချောင်းတွေ ကိုလည်း ပြန်ဖော်ပေးနေတဲ့အပြင် သစ်တုံးတွေနဲ့ ပိတ်ဆို့သွားတဲ့ ယခင်မှုလ ချောင်းအတွင်းမှာ လမ်းကြောင်းပြောင်းသွားတဲ့ ချောင်းတွေကိုလည်း ရေလမ်းကြောင်း ပြန်ဖော်တဲ့အနေနဲ့ ဖြောင့်ပေးနေပါတယ်၊ ရေနဲ့အတူ မျောပါလာတဲ့ သစ်တုံး၊ သစ်လုံးတွေ၊ အိမ်ကိုဝင့်ဆောင့်ပြီး ခံနေတဲ့ သစ်တုံး၊ သစ်လုံးတွေကိုလည်း စုပေါင်းအားနဲ့ ဖယ်ရှားနေကြတဲ့အတွက် နောက် (၃/၄)ရက်ဆိုရင် အဆင်ပြေသလောက် ဖြစ်တော့မှာပါ၊ အခု ရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာနေမယ်ဆိုရင် အချို့နေရာတွေမှာ (၄)ဘီး ယာဉ်တွေ လောက်ပဲ အဆင်ပြေပါအုံးမယ်.."ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဆက်လက်ရှင်းပြသည်။

တာချီလိတ်ခရိုင် ကျိုင်းလပ်ရေးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များမှ လှူဒါန်းထားသည့် စုစုပေါင်း အလှူငွေမှာ ကျပ်ငွေ သန်းပေါင်း(၉၄)သန်းနှင့်(၇၂၅,၉၀၁)ကျပ်ရှိနေပြီး သြဂုတ်လ(၁၉)ရက်နေ့က (၇၃)သန်းကို ရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၇၃)စုအား တစ်စုလျှင် (၁)သန်းနှုန်းဖြင့် ပေးအပ်ထောက်ပံ့ပြီးဖြစ်ရာ ကျန်ရှိသည့် ငွေများကို မိုင်းယောင်းရေဘေးသင့် အိမ်ထောင်စုများသို့ ပေးအပ်သွားမှာ ဖြစ်ကြောင်း နှင့် စေတနာရှင်များမှ စုပေါင်းလှူဒါန်းထားသော အခြေခံအစားအစာများနှင့် ထောက်ပံ့ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ (၁၃၈)သန်းကျော် တန်ဖိုးရှိကြောင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ဓါတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~