ကျပ်သိန်းပေါင်း (၁၂၀၀)ကျော်ရှိ ရေဘေးထောက်ပံ့ပစ္စည်းများ ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်လှူဒါန်းရန် တာချီလိတ်မှ ထွက်ခွာ

ကျပ်သိန်းပေါင်း (၁၂၀၀)ကျော်ရှိ ရေဘေးထောက်ပံ့ပစ္စည်းများ ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်လှူဒါန်းရန် တာချီလိတ်မှ ထွက်ခွာ
သြဂုတ် 22, 2015
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသမြို့ရှိ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော်ကြီးအား အမှူးထား၍ တတိယအကြိမ်အဖြစ် စေတနာရှင်များမှ လှူဒါန်းထားသော ကျပ်သိန်းပေါင်း (၁၂၀၀)ကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့် အိမ်ထောင်စု (၅၇၈၀)စာအတွက် ယနေ့ သြဂုတ်လ(၂၁)ရက် နေ့လည်ပိုင်းက တာချီလိတ်မှ တဆင့် ဆယ့်နှစ်ဘီးယာဉ်ဖြင့် သယ်ဆောင်ကာ စတင်ထွက်ခွာသွားကြောင်း သိရသည်။

တာချီလိတ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ မထွက်ခွာမီတွင် စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ လာရောက်ပြီး လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးကြသည်။

ယခုလို သွားရောက် လှူဒါန်းရန်အတွက် ပါဝင်သော ထောက်ပံ့ပစ္စည်းများသည် တာချီလိတ်မြို့ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာ နာစရိယ)အား အမှူးထား၍ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်တွင် လာရောက် လှူဒါန်းထားသော ပစ္စည်းများ အပါအ၀င်၊ ဗယ်လင်တိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင် နှင့် သူရိယ သင်္ကန်းတိုက်တို့တွင် လာရောက်လှူဒါန်းထားသည့် ပစ္စည်းများ အပါအ၀င် ဖြစ်ကြောင်း သိရသည်။

တတိယအကြိမ်အဖြစ် သွားရောက်ထောက်ပံ့ လှူဒါန်းရန်အတွက် ပြင်ဆင်ထားရှိရာတွင် အိမ်ထောင်စု တစ်စုလျှင် တစ်အိတ်နှုန်းဖြင့် အမယ်စုံအိတ် အထုပ်ပေါင်း (၂၅၀၀)ထုပ်နှင့် အိမ်ထောင်စု (၃၂၈၀)စာအတွက် ပါဝင်သည့် အ၀တ်အထုပ်အကြီး (၁၆၄)ထုပ်ရှိရာ စုစုပေါင်းမှာ အိမ်ထောင်စု (၅၇၈၀)စာအတွက် ပါဝင်ကြောင်းနှင့် ယခု တတိယအကြိမ်တွင် ပါဝင်သည့် ပစ္စည်းများသည် ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ၀ိရောစန (မဟာဂန္တ၀ါစကပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ)၏ ဆောင်ရွက်စီမံမှုဖြင့် ပစ္စည်းအသစ်များသာ အဓိက ထည့်သွင်းထားကြောင်းနှင့် အိမ်ထောင်စု(၂၅၀၀)စာရှိ အိတ်များတွင် ထောက်ပံ့ငွေ (၁၀၀၀)ကျပ်စီ ထည့်သွင်းပေးထားရာ ကျပ်ငွေအားဖြင့် စုစုပေါင်းမှာ (၂၅)သိန်းပါဝင်ပြီး ထောက်ပံ့ပစ္စည်းများ နှင့် ငွေသားအပါအ၀င် စုစုပေါင်း တန်ဖိုးငွေမှာ ငွေကျပ် သိန်းပေါင်း (၁၂၀၀)ကျော်ရှိကြောင်း သိရသည်။

ပထမအကြိမ် နှင့် ဒုတိယအကြိမ်တို့တွင် အိမ်ထောင်စု (၄၈၀၄)စာအတွက်ရှိ အမယ်စုံ အထုပ်(၄၈၀၄)ထုပ်နှင့် အိမ်ထောင်စု (၂၄၀)စာရှိ အ၀တ်အထုပ်များအား မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အပြင် ချင်းပြည်နယ်သို့ ပို့ဆောင်လှူဒါန်းခဲ့ရာ စုစုပေါင်း အိမ်ထောင်စု (၅၀၄၄)စုကို ထောက်ပံ့လှူဒါန်းခဲ့ပြီး တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၁၀၀၀)ကျော်ကြောင်း နှင့် တာချီလိတ်ခရိုင် ကျိုင်းလပ်ရေဘေးသင့် ဒေသအတွက် ဘတ်ငွေ (၅၀,၀၀၀)ဘတ် နှင့်အတူ အခြေခံ အစားစာများကိုလည်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ပထမအကြိမ်၊ ဒုတိယအကြိမ် နှင့် ယခု တတိယအကြိမ် အပါအ၀င် စုစုပေါင်း (၃)ကြိမ်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ အိမ်ထောင်စု စုစုပေါင်း (၁၀၈၂၄)စု ကို ထောက်ပံ့ရာ၌ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၂၀၀)ကျော်ရှိကြောင်းနှင့် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်ရေဘေးသင့် ဒေသသို့ ထောက်ပံ့အပါဆိုလျှင် စုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၂၃၀၀)ကျော်ရှိကြောင်း သိရသည်။

ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၊ သူရိယသင်္ကန်းတိုက်နှင့် ဗယ်လင်တိုင်း(ကဖေးနှင့်အအေး) စားသောက်ဆိုင်တို့တွင် ရေဘေးသင့် ပြည်သူများအတွက် ဇူလိုင်လ(၂၈)ရက်နေ့က အလှူခံဌာနများ ဖွင့်လှစ်ခဲ့ပြီးနောက် နောက်ဆုံးအချိန် သြဂုတ်လ(၂၀)ရက်နေ့ထိ ပါဝင်လှူဒါန်းထားကြသော ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများ ပါဝင်ကြောင်း နှင့် ပထမအကြိမ်ကို သြဂုတ်လ ပထမအပတ်က စေလွှတ်ခဲ့ပြီး ဒုတိယအကြိမ်ကို သြဂုတ်လ(၉)ရက်နေ့က စေလွှတ်ခဲ့ပြီးကြောင်းကို အဆိုပါ အလှူခံဌာနများ၏ မှတ်တမ်းအရ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~