ရှမ်း/ရှေ့တွင် ငြိမ်းချမ်းရေး ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးစီမံချက်ကို (၄၈)လအတွင်း ယူရိုငွေ ငါးသိန်းဖြင့် ဆောင်ရွက်မည်

ရှမ်း/ရှေ့တွင် ငြိမ်းချမ်းရေး ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေးစီမံချက်ကို (၄၈)လအတွင်း ယူရိုငွေ ငါးသိန်းဖြင့် ဆောင်ရွက်မည်
ဇူလိုင် 3, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်း ဥရောပသမဂ္ဂ ရန်ပုံငွေဖြင့် ဇွန်လမှစတင်၍ (၄၈)လအကြာ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုရေး စီမံချက်အား Aids Support Group အဖွဲ့မှ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

"Ground Sult level ဖြစ်တဲ့ အခြေခံ လူထုတွေပါဝင်မှ ငြိမ်းချမ်းရေးဟာ ရေရှည်တည်တံပြီး လက်နက်သံတွေ ကင်းသွားမှာ ဖြစ်ပါတယ်။ ပြည်သူကိုယ်တိုင်က ငြိမ်းချမ်းရေး ယဉ်ကျေးမှု(Culture of Peace ) တည်ဆောက်နိုင်မှ ဖြစ်မယ်၊ လက်နက်ကိုင်တွေ အချင်းချင်း လက်မှတ်ရေးထိုးယုံနဲ့တော့ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ဘူး"ဟု Aids Support Group အဖွဲ့မှ ဒါရိုက်တာ ဒေါက်တာမြင့်အောင်မှ ဇူလိုင်လ (၃)ရက်နေ့တွင် ကျင်းပသော စီမံချက် လုပ်ငန်းစဉ် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးရေး စီမံချက်အား ဥရောပသမဂ္ဂ ရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် ရှမ်း/ရှေ့၊ ရှမ်း/တောင်၊ ရှမ်း/မြောက်၊ ကချင်နှင့် ကယားတို့တွင် အကောင်အထည်ဖေါ် ဆောင်ရွက်မည်ဖြစ်ပြီး စီမံချက်များအား ILO, SC, FLD, MDCG, ASG အဖွဲ့များမှ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အကောင်အထည်ဖေါ်မည့် စီမံချက်အား ဥရောပသမဂ္ဂမှ (၄၈)လစာ ယူရိုငွေ(၅)သိန်းဖြင့် အကောင်အထည်ဖေါ်ခြင်းဖြစ်ကြောင်း သိရပြီး တာချီလိတ်၊ တာလေ မိုင်းဖြတ်၊ ကျိုင်းတုံတို့တွင် အကောင်အထည်ဖေါ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စီမံချက်အား အဓိကအားဖြင့် ကျောင်းများတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သော အသိတရားနှင့် ယဉ်ကျေးမှုများ တည်ဆောက်နိုင်ရန် အသိပညာပေးလျှက်ရှိပြီး ကျိုင်းတုံမြို့နယ်၌ ကျောင်း(၆)ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၆၅၀)ဦး၊ မိုင်းဖြတ်မြို့နယ်၌ ကျောင်း(၂)ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၃၀၀)ဦးတို့အား အသိပညာပေးလျှက်ရှိပြီး ကျောင်းပြင်ပ ကလေးများနှင့် အမျိုးသမီးများအား အဓိကထား၍ အသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင် ပြန်လည်သင့်မြတ်ရန် ဆောင်ရွက်လျှက်ရှိသော်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသော ပုဒ်မ-၁၇(၁)ကြောင့် အခက်အခက်များ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရပြီး လက်နက်ကိုင်များအကြား ဆက်သွယ်ဆောင်ရွက်မှုတွင် လုံခြုံရေးဆိုင်ရာ မူဝါဒအရ သက်ဆိုင်ရာ အာဏာပိုင်နှင့် ရွှေတြိဂံတိုင်းစစ်ဌာနချုပ်တို့အား အသိပေး၍ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း။  ။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~