တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်းတွင် ကျန်းမာရေး အာမခံစနစ်ကို ဇူလိုင်လ(၁)ရက်နေ့က စတင်ကာ ဆောင်ရွက်ပေးနေပြီ

တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်းတွင် ကျန်းမာရေး အာမခံစနစ်ကို ဇူလိုင်လ(၁)ရက်နေ့က စတင်ကာ ဆောင်ရွက်ပေးနေပြီ
ဇူလိုင် 2, 2015
By Tachileik News Agency

မြန်မာ့အာမခံလုပ်ငန်းသည် "ပြည်သူများ ကျန်းမာရေးအာမခံထားရှိခြင်းဖြင့် ဆေးကုသမှု ကုန်ကျစရိတ်ကို အတိုင်းအတာ တစ်ရပ်အထိ သက်သာစေရေး"အားရည်ရွယ်လျှက် ကျန်းမာရေး အာမခံစနစ်အား မြန်မာနိုင်ငံ တနံတလျားတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အဆိုပါ ကျန်းမာရေး အာမခံစနစ်အား တာချီလိတ်ခရိုင်အတွင်း ဇူလိုင် (၁) ရက်နေ့မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

"ကျန်းမာရေး အာမခံစနစ်ကို မြန်မာနိုင်ငံသားများ သာမက မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့်ရှိသူတွေ ၊ အကြောင်း အမျိုးမျိုးနဲ့ မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားသားများပါ အာမခံထားရှိ လို့ရပါတယ်။ အသက်အရွယ်အားဖြင့် (၆) နှစ်မှ (၆၅) နှစ်အတွင်း ထားရှိလို့ရပြီး (၆) နှစ်မှ (၁၈)နှစ် အတွင်း ခလေးသူငယ် အရွယ်တွေကိုတော့ မိဘအုပ်ထိန်းသူက ထားရှိပေးရမှာဖြစ်ပါတယ်။ ဒီလို အာမခံ ထားရှိခြင်းဖြင့် ဆေးရုံတက်ဆေးကုရခြင်းကြောင့် ကုန်ကျမယ့် ဆေးကုသစရိတ်ကို အထိုက်အလျောက် အကာအကွယ်ရရှိပါမယ်"ဟု တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်း တာဝန်ခံ ဦးအောင်ဟိန်းကျော်မှ ရှင်းပြသည်။

အာမခံထားရှိလိုသူဟာ ဘဏ္ဍာရေးနှစ် တစ်နှစ်စာအတွက် (၅)ယူနစ်အထိ ၀ယ်ယူလို့ရပါတယ်။ တစ်ယူနစ်ကို ကျပ်ငါးသောင်းကျသင့်ပြီး အကယ်၍ အာမခံသက်တမ်းအတွင်း ဆေးရုံတက်ရောက် ကုသပါက တစ်ရက်ကို ကျပ်တစ်သောင်းခွဲ ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုဆေးရုံတက်ရောက်မှုအတွက် ဆေးရုံတက်ရက် အများဆုံး ရက် (၃၀)အထိ ခံစားခွင့်ရှိပါတယ် ၊ အလားတူပဲ အာမခံကာလအတွင်း မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးခဲ့လျှင်လည်း အာမခံတစ်ယူနစ်ကို ကျပ်ဆယ်သိန်း ခံစားခွင့်ရရှိမှာဖြစ်ပါတယ်.."ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။

မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင်အတွင်း ဇူလိုင်လ (၁) ရက်နေ့ မှစတင်ကာ ဆောင်ရွက်နေပြီဖြစ်သည့် ကျန်းမာရေး အာမခံစီမံချက်နှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက မြန်မာ့
အာမခံလုပ်ငန်း (တာချီလိတ်ခရိုင်ရုံး) ဆေခမ်းရပ်ကွက် ၊ တာချီလိတ်မြို့ (ရုံးဖုန်း) ၀၈၄-၅၁၈၅၇ ၊
ထိုင်းဖုန်း - ၀၉၄၇၅၉၇၅၉၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

သတင်း။  ။ မောင်ယဉ်ကျေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~