ဘုရင့်နောင်ပုဂ္ဂလိကဈေးသို့ ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီးမှ သွားရောက် ကြည့်ရှု

ဘုရင့်နောင်ပုဂ္ဂလိကဈေးသို့ ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီးမှ သွားရောက် ကြည့်ရှု
မေ 10, 2015
By Tachileik News Agency

တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့် ဘုရင့်နောင်ပုဂ္ဂလိကဈေးအား ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီးနှင့်အဖွဲ့မှ ယနေ့ မေလ(၁၀)ရက် နေ့လည်ပိုင်းက သွားရောက်၍ ဈေးသည်များအား ကြည့်ရှုအားပေးသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း နှင့် ပြည်နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်း အပါအ၀င် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ဘုရင့်နောင် ပုဂ္ဂလိကဈေးအတွင်းသို့ လှည့်လည်ကြည့်ရှုကြရာ အဆိုပါ ဈေးပိုင်ရှင် ဦးထွန်းနေဦးမှ လိုက်လံရှင်းလင်းပြသသည်။

ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် အဖွဲ့မှ ဈေးသည်များအား ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် ဈေးရောင်းချရာ အဆင်ပြေမှု ရှိမရှိနှင့် ပတ်သက်၍ မေးမြန်းရာ ဈေးသည်များက မြို့မဈေးတွင် နေရာမရှိသည့်အတွက် ယခုဈေးသို့ လာရောက် ရောင်းချရာ များစွာ အဆင်ပြေကြောင်းနှင့် အခက်အခဲမရှိကြောင်း ပြန်လည်ဖြေကြားကြသည်။

အကျယ်အ၀န်း (၆)ဧကခန့်ရှိသည့် ဘုရင့်နောင်ပုဂ္ဂလိကဈေးအတွင်းတွင် လူနေဆိုင်ခန်း စုစုပေါင်း (၉၃)ခန်း နှင့် သတ်မှတ် အကျယ်အ၀န်းများအလိုက် လူမနေဆိုင်ခန်း (၈၇)ခန်း အပြင် ပျံကျဈေးရုံတွင် (၆x၁၀)ပေ အကျယ်အ၀န်းရှိသည့် ဈေးခုံပေါင်း (၃၆၀)ခုံ နှင့် ပျံကျ စားသောက်ဆိုင် အကွက်(၁၀)ကွက် သတ်မှတ်ထားရှိပြီး နေ့စဉ် ယာဉ်ရပ်နားရန် ကားအတွက် (၁၅၆x၇၂)ပေ အကျယ်အ၀န်းရှိ နေရာတွင် ကားအစီး (၆၀)ခန့် ရပ်နားနိုင်ရန် ပြုလုပ်ပေးထားပြီး ဆိုင်ကယ်အစီး(၅၀၀)ခန့် ရပ်နား၍ရရန်နေရာတို့ကိုလည်း သတ်မှတ်ထားရှိကြောင်း သိရှိရသည်။

ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် တာချီလိတ်မြို့မဈေးမှ လာရောက်ရောင်းချသော အာခါတန်း ပျံကျဈေးသည်များ၊ သားငါးသည်များ နှင့် ကုန်မာဈေးသည်များအပြင် အခြားသော ဈေးမှ ဈေးသည်များလည်း အပါအ၀င်ဖြစ်ပြီး ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် စတင်ရောင်းချမှုကို မေလ(၃)ရက်နေ့က စတင်ခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~