အောင်မှတ်ယူပါ ရူပ မှာ - သုတ(ရွှေမဟာ)

အောင်မှတ်ယူပါ ရူပ မှာ - သုတ(ရွှေမဟာ)
မတ် 12, 2015
By Tachileik News Agency

ဒီနေ့တော့ ၂၀၁၅ခုနှစ် မတ်လ(၁၇)ရက် အင်္ဂါနေ့မှာ ဖြေဆိုရမဲ့ ရူပဗေဒဘာသာရပ်အတွက် အကြံပေးချင်ပါတယ်။

အောင်မှတ်ယူပါ ရူပ မှာ -  သုတ(ရွှေမဟာ)

နောက်တစ်နေ့ဆို ဘောဂ၊ ဇီဝဘာသာတွေ ဖြေပြီးရင် တက္ကသိုလ်တက်ဖို့ မျှော်လင့်ချက်ကောင်းတွေ ရနိုင်ပြီမို့ ရူပဗေဒမှာ အားထည့် ဖြေစေချင်ပါတယ်။ ဒီအချိန်ရောက်ရင် ပြီးခဲ့တဲ့ ဘာသာရပ်တွေ ဖြေဆိုခဲ့မှုအပေါ် အားရကျေနပ်သူတွေ ရှိနိုင်သလို ၊ အားမလိုအားမရနဲ့ စိတ်လျှော့ချင်သလိုဖြစ်နေတဲ့ ကလေးတွေလည်း ရှိနိုင်ပါတယ်။

ကျွန်တော်ပြောချင်တာက ဆုံးခန်းတိုင်အောင် ဇွဲလုံ့လနဲ့ ဖြေပါ။ ကြိုးစားဖြေဖို့က မိမိအပိုင်းပါ။အောင်မြင်မှုကို အခြေအနေ အရပ်ရပ်က သတ်မှတ်ပေးပါလိမ့်မယ်။ ရူပဗေဒအတွက် အုပ်စု (၅)စုခွဲပြီး လေ့ကျင့်စေချင်ပါတယ်။ အကြမ်းဖြင်းအားဖြင့် အုပ်စုတစ်စုကို (၂၀)မှတ် သတ်မှတ်ထားပါတယ်။

ပထမဆုံး အုပ်စုခွဲပုံကို သိထားဖို့ လိုပါတယ်။ ရူပဗေဒ သင်ရိုးမှာ အခန်း(၁၄)ခန်း ရှိပါတယ်။
ဒါတွေကို....
အခန်း(၁)  Work done and power
အခန်း(၂) Pressure
အခန်း(၃) Transfer of heat
အခန်း(၄) Vibration of strings,Resonance and Vibration of air columns တို့ ကိုအုပ်စု(၁) အဖြစ် သတ်မှတ်ထားပါတယ်။
အခန်း(၅) Introduction to light
အခန်း(၆) Refraction,Diffraction and Interference of light
အခန်း(၇) Optical Instruments တို့ ကအုပ်စု (၂)၊
အခန်း(၈) The Electric Field
အခန်း(၉) Electric Potential
အခန်း(၁၀) Capacitance တို့ က အုပ်စု(၃)
အခန်း(၁၁) Current and Electric Circuits
အခန်း(၁၂) Electrical Energy and Power
အခန်း(၁၃) Electromagnetism တို့ ကို အုပ်စု(၄)နဲ့
အခန်း(၁၄) Modern Physics ကို အုပ်စု(၅) အဖြစ် သတ်မှတ်ထားပါတယ်။
ဒါကြောင့် အုပ်စုတစ်ခုကို ကိုင်မယ်ဆိုရင် ဒီအုပ်စုမှာပါတဲ့  အခန်းတွေကို အကုန်ကြည့်ရပါ့မယ်။

ဟိုအခန်းလွယ်လို့ ဒီအခန်းခက်လို့ ဆိုပြီး ရွေးချယ်ကြည့်လို့ မရပါဘူး။ အုပ်စုတစ်ခု ကိုင်ပြီဆိုရင် အဲဒီမှာပါတဲ့ အခန်းအစုံ ကြည့်ရပါ့မယ်။ ရူပဗေဒကို အောင်ရင်တော်ပါပြီ ဆိုတဲ့ ကလေးတွေဟာ အနည်းဆုံး အုပ်စု(၃) ခု ပိုင်မှဖြစ်နိုင်ပါတယ်။ အမှတ်ကောင်းချင်ရင် အုပ်စု(၄) ခုကြည့်ပါ။ ဂုဏ်ထူးလည်း ထွက်နိုင်ပါတယ်။ ရွေးချယ်ခွင့်ရှိတာကြောင့်၊ အားလုံးပိုင်ရင် အုပ်စု(၄)အထိ ကျေညက်သူဟာ (၉၄)မှတ်ထိ ရနိုင်ပါတယ်။

အမှတ်ပြည့် လိုချင်ရင်တော့ အခန်း(၁၄)မှ ကွက်လပ်ဖြည့်၊ True, False,နဲ့ (၄)မှတ်တန်
တွေကို ကြည့်ရပါ့မယ်။ မေးခွန်းဟောင်း လေ့လာရင် လုံလောက်ပါတယ်။ အုပ်စုလိုက် မေးတတ်တဲ့ မေးခွန်းအမှတ်စဉ်တွေကို သိထားဖို့ လိုပါတယ်။

အမှတ်အများဆုံးရနိုင်တဲ့ Section (B)ကို စပြီးကြည့်ကြရအောင်။
Section(B) မှာ မေးခွန်း 10(a),(B) မှ 15(a),(b)အထိ မေးခွန်း(6)ပုဒ်ရှိပါတယ်။
15(a),(b) ကိုဘဲထပ်ပြီး (OR) ခံမေးထားပါသေးတယ်။

အားလုံးထဲက အဆင်ပြေဆုံး (4)ပုဒ်ဖြေရပါ့မယ်။ (a)ကိုဖြေရင် (b)ကိုလည်းဖြေရပါ့မယ်။
ဥပမာ... မေးခွန်းအမှတ် 10(a)ကိုဖြေရင် 10(b)နဲ့တွဲဖြေရမယ်။
အခြားနံပါတ်က (b)နဲ့ တွဲဖြေလို့ မရပါဘူး။ ဒီလိုတောင် မသိကြတဲ့ ကလေးတွေကြုံဖူးလို့ပါ။
(a)အတွက် (8)မှတ်၊ (b)အတွက် (8)မှတ်မို့ မေးခွန်းတစ်ခုအတွက် (16)မှတ်ရပါတယ်။

မေးခွန်းအမှတ်စဉ် 10(a),(b) ဟာ အုပ်စု(၁) ကမေးတာပါ။
မေးခွန်းအမှတ်စဉ် 11(a),(b) ဟာ အုပ်စု(၂) ကဖြစ်ပြီး
မေးခွန်းအမှတ်စဉ် 12(a),b) ဟာ အုပ်စု(၃) ကဖြစ်ပါတယ်။
မေးခွန်းအမှတ်စဉ် 13(a),(b) ဟာ အုပ်စု (၄)ပါ။
မေးခွန်းအမှတ်စဉ် 14 (a),(b)တို့ ကအုပ်စု(၅)ပါ။
ကျန်တဲ့ မေးခွန်းအမှတ်စဉ် 15(a),(b)တို့ကတော့ မေးခွန်းထုတ်တဲ့ ပါမောက္ခ အားသန်ရာကို ထုတ်လေ့ရှိပါတယ်။ ဒါကြောင့် အုပ်စု(၃) ခု ကိုင်မှ(၄၈)မှတ်ရမှာပါ။

အထူးမှာချင်တာက အုပ်စုတစ်ခုကို အပိုင်ကိုင်ဖို့ ဆိုတာ ဒီအုပ်စုမှာ အကျုံးဝင်တဲ့
အခန်းတစ်ခုစီရဲ့  ဥာဏ်စမ်းမေးခွန်းတွေ၊ Definitionတွေ၊Law တွေကို ပိုင်နိုင်နေရပါ့မယ်။ Definition, Law တွေဟာ ပညာရှင်တွေရဲ့ တိကျတဲ့ ဖွင့်ဆိုချက်တွေဖြစ်လို့ စာကျန်ခဲ့လို့ မရပါဘူး။ Work Form မှားရင် အမှတ်မပေးပါဘူး။

ပုစ္ဆာတွက်ရင် အဖြေမှာ ယူနစ်ရှိနေရင် ယူနစ်တပ်ပါ။ မမှားပါစေနဲ့ ။ SI စနစ်ဆိုရင် အားလုံး SI ဖြစ်ရပါ့မယ်။ CGS ဆိုလည်း အားလုံး CGS ဖြစ်ပါစေ။ Section(B) ဖြေပြီးမှ Section(A) တွက်စာများကို တွက်ပါ။ ရေးပါ။ အားလုံးပြီးမှ ကွက်လပ်ဖြည့်နဲ့ True,False ကိုဖြေပါ။

အချိန်မရတော့ရင်လည်း ဖြည့်သင့်တာဖြည့်ခဲ့၊ ရွေးသင့်တာရွေးခဲ့ပါ။ အလွတ်မထားခဲ့ပါနဲ့။
Section(A)မှာရှိတဲ့ မေးခွန်း(9) ခုအတွက် တစ်ပုဒ်(4)မှတ်ပေးတာမို့ ကြိုးစားဖြေပါ။
အောင်မှတ်ရဖို့ လွယ်ပါတယ်။ ဒါပေမဲ့ ဘာမဆို အလေးအနက်ထားပါ။ အောင်မြင်မှုဆိုတာ မင်းတို့အတွက် မဟုတ်ရင် ဘယ်သူ့ အတွက်ဖြစ်ရမလဲ။

  ကလေးအားလုံး အပြုံးပန်းတွေ နေ့တိုင်းဆင်နိုင်ပါစေ။

သုတ(ရွှေမဟာ)
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~ကြော်ငြာ~~~~~~~