ဖေ့ဘုတ်ပေါ်မှ အလွဲများ (ဆောင်းပါး) - သုတ(ရွှေမဟာ)

ဖေ့ဘုတ်ပေါ်မှ အလွဲများ (ဆောင်းပါး) - သုတ(ရွှေမဟာ)
မတ် 20, 2015
By Tachileik News Agency

အိုင်တီခေတ်၊ အင်တာနက်ခေတ်ကို ရောက်လာတော့ ကျွန်တော်တို့တွေလည်း ခေတ်ရေစီးကြောင်းထဲ အလိုက်သင့် ကူးခတ်လိုက်ပါလို့ ခေတ်မီသလို ရှိနေပါပြီ၊ လူတိုင်းနီးပါး ဖုန်းတစ်လုံးစီတော့ ကိုင်နိုင်လာပြီ ဖြစ်တဲ့ ခုချိန်မှာ MPT, CDMA ၊ နဲ့ WIFI တွေကနေ အင်တာနက်နဲ့ ချိတ်ဆက်ပြီး ဖေ့ဘုတ်တွေ သုံးလာကြပြီဆိုတော့၊ သူ့အမြင် ကိုယ့်အမြင်တွေ ပြောပြကြ၊ သဘောကျ နှစ်ခြိုက်တယ်ဆိုရင် like လုပ်ကြ၊ ကိုယ့်အယူ အဆလေးတွေကို ကော်မန့် ရေးလို့ အဆင်ပြေသလိုရှိသားဘဲ...။

ဖေ့ဘုတ်ပေါ်မှ အလွဲများ ။   ။ သုတ(ရွှေမဟာ)

ဘေးနားမှာ စကားပြောဖော် မရှိနေ ဖုန်းတစ်လုံးရှိနေတာနဲ့ ကမ္ဘာပတ်ပြီး လေဖောနိုင်ပြီလေ။ သူနဲ့ကိုယ်နဲ့ အပြင်မှာ သိစရာမလို၊ ဖေ့ဘုတ်ထဲမှာတော့ သူငယ်ချင်း။ အပြင်မှာရန်ဖက်၊ ဖေ့ဘုတ်ထဲမှာ ကြင်ဖက်တွေဖြစ်လို့...။

အရင်က ခုလို လက်ဖက်ရည်ဆိုင် လာထိုင်မိရင် မိတ်ဆွေချင်း နိုင်ငံရေး၊ မိသားစုရေး၊ စီးပွားရေး၊ လူမှုရေးတွေ ပြောဖြစ်ကြတဲ့ ကျွန်တော်တို့ သက်ကြားအိုတွေတောင် အပြင်စကားပြောဖို့ အချိန်မရ၊ ကိုယ့်ဖုန်းကိုယ်ပွတ်ပြီး ၊ သတင်းတွေ ဖွင့်ကြည့်လိုက်၊ ပိုစ့်တွေတင်၊ ကော်မန့်တွေ ရေး၊ ကိုယ့်မိတ်ဆွေတွေ တင်ထားတာကို ဟုတ်သည်မဟုတ်သည် အပထား like လုပ်လိုက်ကြတာ။

ဟိုစဉ်က လက်ဖက်ရည်ဆိုင်ဆိုတာ ကက်ဆက်သံ၊ တီဗီသံ၊ စကားပြောသံတွေနဲ့ ညံစည်နေတာ၊ ခုများတော့ အလုပ်ပေးတရားကို လက်တွေ့ ကျင့်ကြံနေသလို ဖုန်းမျက်နှာပြင်ပေါ်ကို ကြည့်ပြီး ဖေ့ဘုတ်ကသိုဏ်း ရှုနေလိုက်ကြတာ... ရှေ့မှာ လာချတဲ့ လက်ဖက်ရည်တွေတောင်
အေးစက်နေမှ သောက်ဖြစ်တော့တယ်။

ဒီနေ့တော့ စာမေးပွဲဖြေဆိုနေတဲ့ ကလေးတွေကို စောင့်ရင်း အထက(တာချီလိတ်)ရှေ့မှာရှိတဲ့ နဝရတ် လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး၊ ဖေ့ဘုတ်ထဲက အလွဲတွေ အကြောင်းပြောကြ၊ ရယ်ကြလုပ်ခဲ့ကြတယ်။

"ရယ်စရာတော့ ပြောရဦးမယ် ဆရာရေ၊ ဟိုတုန်းကဆို ကျွန်တော်တို့ လင်မယားတွေ့လိုက်ရင် တကျက်ကျက်ရန်ဖြစ် နေတာဗျ၊ ဆရာသိတဲ့ အတိုင်း ကျွန်တော့်မိန်းမကလည်း စကားကလည်း များပါဘိ၊ မျက်လုံးနှစ်လုံးပိတ်လို့ အိပ်မပျော်မချင်း ပြောလိုက်တဲ့ စကားတွေ၊ ခုတော့ ငြိမ်ဆေးရသွားပြီ၊ ဖုန်းတစ်လုံးနဲ့ နှစ်ပါးသွားနေလိုက်တာ စကားပြောချိန်တောင် မရပါဘူးဗျာ။ တစ်နေ့က သူ့အကောင့်ထဲ ဝင်ကြည့်တာ ဘယ်ကောင်တွေလည်း မသိပါဘူး။ သူနဲ့ message box မှာ အပြန်အလှန် စာတွေပို့လို့ ကျွန်တော့် မိန်းမကလည်း နိုင်ငံခြားမင်းသမီးပုံကို သူ့ ရဲ့ profile picture အဖြစ် တင်ထားတာ ဟိုဗူးကောင်တွေ ကလည်း "လှလိုက်တာ။ ညီမလေးက စိတ်ထားလည်း လှမှာနော်။ ချစ်တယ်။ စွဲနေပြီကွာ.."လို့ ညုတုတုရေးနေတာ ကျွန်တော်လည်း ဒေါသနဲ့ ဖုန်းကိုပေါက်ခွဲပစ်လိုက်တယ်။ တွေ့ ဦးမယ်။ နောင်ထပ်လုပ်ရင် သူကလေးနို့တိုက်နေတာကို တင်ပစ်လိုက်မယ်လို့ ပြောလိုက်တယ် ဆရာရေ.."တဲ့...

ကျွန်တော့် မိတ်ဆွေစကားကြောင့် ကျွန်တော်တို့ အားလုံးရယ်လိုက်ရတာ မျက်ရည်တောင်ထွက်လို့ပါဘဲ။
အဲ.... နောက်တစ်ယောက်က ပြောပြန်တယ်။

"ကျွန်တော်ဗျာ... ဖေ့ဘုတ်ပေါ်မှာ friend ရှာပြီး အမြင်ချင်း ဖလှယ်မယ် စိတ်ကူးခဲ့တာ။ ဒါကြောင့် ကျွန်တော့် ပင်ကိုယ်ပုံကို profile တင်တာ၊ ရှားပါးလိုက်တဲ့ friend တွေ၊ တစ်လလုံးမှာမှ မိတ်ဆွေ ရှစ်ယောက်ဘဲရတယ်။ ဒါနဲ့ ကျွန်တော့်မိန်းမက အကြံပေးလို့ အကောင့်သစ်ဖွင့်ပြီး ကောင်မလေး တစ်ယောက်ရဲ့ ခပ်လန်းလန်း sexy ပုံကို Profile တင်လိုက်ရော... အား လားလား.. ဘာပြောကောင်းမလဲဗျာ.. တစ်နေ့တည်းတင် friend တစ်ရာ့လေးဆယ်လောက် ရသွားတယ်။
အင်း.. ဒီတော့မှ ကျွန်တော် သဘောပေါက်တော့တယ်။ friend အချို့ဟာ အညှီနောက်လိုက်နေတဲ့ ယင်ကောင်တွေပါလားလို့ ။ ဒါကြောင့် အမျိုးသမီးတွေရော၊ အမျိုးသားတွေရော သတိထားဖို့ က ဖေ့ဘုတ်ကို အပျင်းပြေသဘော၊ ဒါမှမဟုတ် ပညာဗဟုသုတ ရှာတဲ့သဘောဘဲ သုံးစေချင်တယ်။အဆင့်ကျော်ပြီး ကြွေမသွားနဲ့၊ ကိုယ့်ကို ခြွေမဲ့ကောင်တွေက အသင့်ရှိနေတယ်ဆိုတာ သိစေချင်တယ်။"တဲ့...

ဒီတော့မှ ကျွန်တော်လည်း ဝင်ပြောမိတယ် "အချို့တွေကလည်း ဖေ့ဘုတ်မှာ တွေ့ပြီးကြိုက်သွားကြတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိနေတာပေါ့။ တစ်ခါက အခြားနိုင်ငံတစ်နိုင်ငံက အမျိုးသားတစ်ဦးနဲ့ တရုတ်က
အမျိုးသမီးတစ်ဦး ဖေ့ဘုတ်ပေါ်မှာတွေ့ပြီး ကြိုက်သွားကြရော။ အမျိုးသားကလည်း အမျိုးသမီးကို ကျလည်းကျလောက်စရာ၊ စွဲလည်း စွဲလမ်းလောက်စရာပါ။ ဘာကြောင့် လည်းဆိုတော့ သူတို့ချင်း ဆက်သွယ်တဲ့ message box မှာ ပို့ပေးတဲ့ပုံတွေ အမျိုးသမီးရဲ့ profile ကပုံတွေဟာ သယ်ချောဆိုဘဲ၊ ခုလို computer ကျွမ်းကျင်နေချိန်မှာ ပြင်ရတာ ဘာခက်တာမှတ်လို့။ နောက်တော့ သူတို့  လူချင်းတွေ့ဖို့ ချိန်းကြရော။ အမျိုးသားက အမျိုးသမီးရှိတဲ့ တရုတ်ပြည်ကို လာရတာ လေယာဉ်တောင် လေးနာရီလောက် စီးရဆိုဘဲ.... အဲ...တွေ့လည်းတွေ့ရော အမျိုးသားခမျာ ပက်လက်ကို လန်ရော၊ အမျိုးသမီးက အပြင်မှာ တယ်အရုပ်ဆိုးဆိုဘဲ၊ ဒါကြောင့်အမျိုးသားက အမျိုးသမီးကိုရိုက်နှက်ခဲ့တယ်လို့ ဖတ်ခဲ့ရတယ်။"

မကြာသေးခင်က မင်္ဂလာဒုံမှာ လူသတ်ပြီး ပစ္စည်းယူသွားတဲ့ လူသတ်မှုဟာလည်း ဖေ့ဘုတ်ပေါ်က စခဲ့တဲ့ အချစ်ဇာတ်လမ်းကို အသုံးချပြီး၊ ချိန်းတွေ့ ပစ္စည်းယူ လူသတ်ခဲ့တာမလား။ ဒါကြောင့် ဖေ့ဘုတ်ကို ဖေ့ဘုတ်လိုဘဲမြင်ပါ။ သုံးပါ။ ရင်မခုန်မိပါစေနဲ့၊ နှလုံးသားတွေ ရောယှက်ပြီး ဘဝကို မစတေးလိုက်ကြပါနဲ့၊ ဖေ့ဘုတ်ပေါ်က ချစ်စကားတွေဟာ အညှီနံ့ ပေးနေတာပါ...။

ဒါကိုယုံမိလို့ ကြည်နူးမိတယ် ဆိုရင်၊ မစင်လူးနေတဲ့ယင် သင့်ကိုနားဖို့ ဖိတ်ခေါ်သလို ဖြစ်နေပြီဆိုတာ သတိပြုပါ။ ဒါကြောင့် friend များတိုင်း ကြည်နှုးပီတိဖြစ် မနေကြပါနဲ့၊ ဘဝင်လေဟပ်မနေပါနဲ့၊ ကိုယ်ကိုယ်တိုင် ယင်အဖြစ် အရောက်မခံဖို့ ၊ မစင်လူးတဲ့ ယင်အနားမခံရဖို့ လိုပါတယ်။ ဖေ့ဘုတ်ပေါ်မှာ အလွဲတွေ ပြည့်နေတယ်ဆိုတာ သတိပြုကြမယ်ဆိုရင်...........

ဆောင်းပါး။  ။ သုတ(ရွှေမဟာ)
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~ကြော်ငြာ~~~~~~~