တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ရင်တွင်းစကား

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ရင်တွင်းစကား
မတ် 7, 2015
By Tachileik News Agency

၂၀၁၄ - ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးဖြေဆိုဖို့ကလည်း ရက်ပိုင်းဘဲလိုတော့တာမို့မိဘ၊ ဆရာ၊ကျောင်းသား သုံးဦးသုံးဖလှယ် ရင်ပူရတဲ့ ကာလပါဘဲ၊ ဖြေဆိုရမဲ့ ကလေးတွေထက် မိဘက ပိုပြီးပူပင်ရပါတယ်။

ကျွန်တော်တို့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှာလည်း သူတို့ သားသမီးတွေရဲ့ ခုံအမှတ်လာယူကြ၊ ဗေဒင်ဆရာတွေ၊ အကြားအမြင်ရတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ နတ်ကတော်တွေဆီ ပြေးလို့ ယတြာချေတာတွေ လုပ်ကြ ၊အဆောင်တွေယူကြ၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ကြတဲ့ အခါသမယပေါ့ဗျာ။ သူတို့ ခမျာ ချွေးနည်းစာတွေ စုပြီးသားသမီး နောင်ရေးအတွက် ရင်းနှီးမြှပ်နှံထားကြရတာလေ။

ဒါပေမဲ့ သားသမီး တော်တော်များများက နားလည်မပေးတတ်ကြပါဘူး။ မိဘလုပ်စာတွေ၊ မိဘချွေးစက်တွေ အပေါ် ရပ်တည်နေကြတာကို လစ်လျူရှုပြီး ပေါ့ပေါ့တန်တန် နေလာခဲ့ကြတာများပါတယ်။ တစ်ခြားမြို့ ထက် ကျွန်တော်တို့ တာချီလိတ်က ပိုဆိုးမယ်ထင်ပါတယ်။ ကိုးတန်းအထိက "မအောင်မရှိ ငါ့တပည့် " ဖြစ်ခဲ့ကြတော့ အရည်အချင်းမရှိဘဲ အတန်းတက်လာသူတွေက အများစုပါ။

ဒီတော့ ကိုးတန်းက အခြေခံလည်းမပါ၊ ဆယ်တန်းရောက်မှ ကြိုးစားမယ်ဆိုပြန်တော့ အခြေခံ သဘောတရားတွေ ပါမလာတော့ ကျွဲပါးစောင်းတီးသလို သင်ပေးရတဲ့ ဆရာတွေ အာပေါက်တာဘဲ အဖတ်တင်ပါတယ်။

မတတ် တတ်အောင်၊ မတော်တော်အောင် သင်ကြားပို့ ချပေးရမှာ ဆရာတွေရဲ့တာဝန်ပါ။ ဒါပေမဲ့ လိုချင် တပ်မက်စိတ်နဲ့ ပညာကို တန်ဘိုးထားကြရင် သိပ်ကောင်းမှာပါဘဲ၊ ကျောင်းသား ကျောင်းသူတွေကလည်း ဆရာ ဆရာမက တင်းကြပ်လာပြီ။ စာကျက်ခိုင်းပြီ ဆိုရင် မိဘကို အကြောင်း အမျိုးမျိုးပြပြီး ကျောင်းအပြစ် ၊ ဆရာဆရာမ အပြစ်ကို ပုံချပြောပြန်ရော။ ဒီခေတ်ပညာရေးစနစ်နဲ့ ဒီခေတ်ကလေးတွေ ခက်ရချည်ရဲ့ လို့ စိတ်မကောင်းကြီးစွာ ဖြစ်ရတာကလွဲရင် ဘာတတ်နိုင်ပါ့မလဲဗျာ။

မနက်ဆို စာသင်ခန်းထဲကို မဝင်လို့ ၊ အပေါ့အပါးသွားမယ် အကြောင်းပြပြီး အိပ်ခန်းထဲမှာ ဝင်ခွေနေလို့ ရိုက်ပုတ်မာန်မဲပြီး စာသင်ခန်းထဲ ပြန်သွင်းနေရတာလည်း နိစ္စဓူဝ အလုပ်ဖြစ်နေပါပြီ။

သူတို့ အလိုလိုက် အကြိုက်ဆောင်ပေးတဲ့ ဆရာ ဆရာမဆို အကောင်းထင်၊ စည်းကမ်းတင်းကြပ်တဲ့ ဆရာဆရာမကျတော့ အပြစ်ပြော၊ ကျောင်းအုပ်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ မျှမျှတတသုံးသပ်ပြီး ချင့်ချိန်နေရပါတယ်။

ဆယ်တန်း မအောင်ရင်နေ မယ်ဆိုင်ဘက်မှာ၊ တာလော့ဈေးမှာ၊ ဟိုတယ်တွေမှာ အလုပ်ဝင် လုပ်လည်း ထမင်းမငတ်ဘူးဆိုတဲ့ အတွေးလေးတွေ ကလေးတွေ အသိစိတ်ထဲ ဝင်လာအောင်ရိုက်သွင်း နေသူတွေကလည်း ရှိနေပြန်တယ်။

အသက်အရွယ်အရ သင်ခွင့်ရနေသေးတဲ့ ပညာရေးကို အားပေးအားမြှောက်ပြုမှ ကလေးတွေရဲ့ နောင်ရေး စိတ်အေးရမှာ၊ မျက်နှာမငယ်ရမှာပါ။ ဒီနှစ်က တက္ကသိုလ်ဝင်တန်း မေးခွန်းလွှာဟာ တစ်နိုင်ငံလုံးမှာ တစ်စုံဘဲထုတ်မှာပါ။ ခါတိုင်းနှစ်ဟောင်းတွေလို ဆယ့်တစ်စုံ မဟုတ်လို့ ၊ မေးခွန်းလွယ်တာကျလို့ ၊ခက်တာကျလို့ ဆိုတဲ့ အကြောင်းပြချက်တွေ ရှိလာတော့မှာ မဟုတ်ပါဘူး။ တကယ်တော် တကယ်ကြိုးစားတဲ့ ကလေးတွေအနေနဲ့ လွယ်လင့်တကူ ဖြေဆိုနိုင်ပါလိမ့်မယ်။

တကယ်တော့ တက္ကသိုလ်ဝင်တန်းအောင်ဖို့ ဆိုတာ ခက်ခဲတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ နှစ်စကတည်းက မှန်မှန်ကျက်မှတ်ခဲ့တဲ့ ကလေးတွေအတွက် အောင်မှတ်ရဖို့ ဝန်လေးတဲ့ အခြေအနေ မရှိပါဘူး၊ဘာသာတိုင်းမှာ ကျောင်းသားတွေရဲ့ အလယ်အလတ် အရည်အသွေးကို စံထားပြီးမေးခွန်း ထုတ်ရပါတယ်။ ကျက်မှတ်တတ် ဖြေဆိုတတ်မယ်ဆိုရင် အောင်မှတ်ကို အလွယ်တကူရနိုင်ပါတယ်။

ဥပမာ မြန်မာစာကို ကျက်ပြီဆိုရင် အောင်မှတ်သေချာမဲ့ (၄၅)မှတ်ဖိုး အရင်ကြည့်ရပါ့မယ်။
ဒါတွေက........
၁။ (က) သဒ္ဒါကျက်မှတ်မှု (၅)မှတ်
    (ခ)  သဒ္ဒါနားလည်မှု (၄)မှတ်
    (ဂ) သဒ္ဒါကျွမ်းကျင်မှု (၆)မှတ်

၂။ (က) ဝေါဟာရအဓိပ္ပာယ်ဖွင့်ဆိုချက် (၅)မှတ်
    (ခ) ဝေါဟာရကို ဝါကျဖွဲ့ ခြင်း (၅)မှတ်
   (ဂ) အလင်္ကာများ (၁၀)မှတ်

၃။ (က) ကဗျာ မေးခွန်းတို (၅)မှတ်
၎။ (က) စကားပြေမေးခွန်းတို (၅)မှတ်
စုစုပေါင်းရမှတ် (၄၅)မှတ်ဖြစ်ပါတယ်။

ဒါတွေဟာ တိတိကျကျဖြေရင် အမှတ်ပြည့် ရပြီးသားပါ။ ကျန်တဲ့ နံပါတ် ၃။(ခ) ကဗျာမေးခွန်းရှည် (၁၀)မှတ်။ အများဆုံး(၆)မှတ်ဘဲရနိုင်။

၎။ (ခ) စကားပြေ မေးခွန်းရှည် (၁၀) မှတ်။ အများဆုံး (၆)မှတ်ဘဲရနိုင်။
၅။ (က)ရေသည်ပြဇာတ်စကားစပ် (၇)မှတ်။ အများဆုံး(၅)မှတ်ဘဲရနိုင်။
(ခ) ရေသည်ပြဇာတ် အကြောင်းအရာပိုင်း (၈)မှတ်။ အများဆုံး(၆) မှတ်ဘဲရနိုင်။
၆။ စာစီစာကုံး (၂၀)မှတ်။ အများဆုံး (၁၂)မှတ်ဘဲရနိုင်.. တာတွေကို ဒုတိယအနေနဲ့ ကျက်မှတ်စေချင်ပါတယ်။

ဒီအတိုင်း ကြိုးစားကြည့်ပါ။ မြန်မာစာကြောင့် စာမေးပွဲမကျစေရပါဘူး။ နောက်တစ်ခု မှာချင်တာက နံနက် ကိုးနာရီမှ ဆယ့်နှစ်နာရီ ထိ စာမေးပွဲခန်းထဲမှာ အကျိုးရှိအောင် အသုံးချပါ။ အချိန်မပြည့်သေးဘဲ အပြင်ကို ထွက်မလာစေချင်ဘူး။

ဖြေပြီးရင်လည်း ပြန်စစ်ပါ။ ဒီ(၃)နာရီ ဖြေဆိုချိန်အတွက် မိမိ နှစ်ပေါင်းများစွာမြှပ်နှံခဲ့ရတယ်ဆိုတာ မမေ့ပါစေနဲ့ ။

ခုချိန်မှာ ကြိုးစားရင် အောင်နိုင်ပါသေးတယ်။ စာဖြေခန်းဝင်ခါနီးမှ ဟိုလှန်ဒီလှော ကြည့်မနေပါနဲ့တော့။ခေါင်းရှုပ်ပြီး ကျက်ထားတာတွေရော ကုန်နိုင်ပါတယ်။ စာမေးပွဲဖြေတော့မယ်ဆိုရင် မိဘ ဆရာသမား ဂုဏ်ကျေးဇူးကို ဦးထိပ်ထားပါ။ ကြည်လင်ရွှင်ပျတဲ့ စိတ်ထားနဲ့ ဖြေပါ။

ကျောင်းသူကျောင်းသားများ အားလုံးအောင်ပွဲ ဆင်နိုင်ပါစေ လို့ ဆုမွန်ခြွေရင်း....

သုတ(ရွှေမဟာ)
 Tachileik Online News ( www.tachileik.net  ) 
~~~~~~~ကြော်ငြာ~~~~~~~