မိုင်းဆတ်မြို့၌ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

မိုင်းဆတ်မြို့၌ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
ဇူလိုင် 15, 2013
By Tachileik News Agency

မေလ (၂)ရက် က ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊
လေပြင်းတိုက်ခတ်ခဲ့ခြင်း တို့ကြောင့်  မိုင်းဆတ်မြို့နယ်မှ ဘုန်းကြီးကျောင်း (၁)ကျောင်း၊လူနေအိမ်ခြေ(၃)လုံး၊ ဌာနဆိုင်ရာရုံး(၁)ရုံး၊ စာသင်ကျောင်း (၂)ကျောင်းနှင့် မိုင်းခုတ်မြို့နယ်ခွဲမှ လူနေအိမ်ခြေ(၂၁)လုံး လေဘေးဒဏ် သင့်ခဲ့ရသည့် အတွက် အဆိုပါ လေဘေးသင့် ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သည့် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ဇူလိုင်လ (၁၅)ရက်၊ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင် က ထောက်ပံ့လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပြန်လည်ပြုပြင်ရန် တစ်ကျောင်းလျှင် ငွေကျပ် (၁)သိန်းစီဖြင့် ငွေကျပ်(၃)သိန်းကျပ်ကို လည်းကောင်း၊ ဌာနဆိုင်ရာ ရုံး(၁)ရုံးနှင့် လူနေအိမ်ခြေ (၂၄)လုံး ပြန်လည် ပြုပြင်ရန် တစ်အိမ်လျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ငွေကျပ်(၇၅၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ငွေကျပ်(၁၀၅၀၀၀၀)ကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ ရုံး၊ ကျောင်းနှင့် ပြည်သူများသို့ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နှင့် မိုင်းပျဉ်းမြို့နယ်တွင်လည်း စာသင်ကျောင်း (၃)ကျောင်းအတွက် ငွေကျပ် (၃)သိန်း၊ ဌာနဆိုင်ရာရုံး(၂)ရုံးအတွက် ငွေကျပ်(၆၀၀၀၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သတင်းပေးပို့သူ။      ။ ဝေယံလင်းလက်(မိုင်းဆတ်)