မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့၏ အသက်အန္တရာယ်ကို နာမည်အလွဲသုံး၍ ခြိမ်းခြောက်သူအား တိုင်တန်းထား

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကိုယ်ရေးအရာရှိတို့၏ အသက်အန္တရာယ်ကို နာမည်အလွဲသုံး၍ ခြိမ်းခြောက်သူအား တိုင်တန်းထား
ဇွန် 23, 2016
By Tachileik News Agency

မကွေး၊ ဇွန်လ (၂၃) ရက်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ၎င်း၏ကိုယ်ရေးအရာရှိ၏ အသက်အန္တရာယ်အား ခြိမ်းခြောက်သည့် သဘောသက်ရောက်သောစာကို အမည်လွဲသုံး၍ Facebook လူမှုကွန်ရက်စာမျက်နှာ၌ တင်ထားသူအား မင်းဘူးမြို့မရဲစခန်းတွင် တိုင်တန်းအမှုဖွင့်ထားကြောင်း သိသည်။

“ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိတို့ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်သူအဖြစ် သဘော သက်ရောက်တဲ့စာနဲ့ ကျွန်တော့်ရဲ့ ဂုဏ်သရေ ညှိုးနွမ်းစေတဲ့ အကြောင်းအရာတွေကို ကျွန်တော့ပုံနဲ့တကွ Facebook လူမှုကွန်ရက်မှာ တင်တဲ့သူကို ဒီနေ့မနက် မင်းဘူးမြို့မရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါ တယ်”ဟု ဦးစိန်လင်းက ပြောသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတက်ရောက်ပြီး၊ လက်ယက်ရေနံတွင်းတိမ်လုပ်ငန်းနှင့် ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းတို့မှ ရသင့်ရထိုက်သော အခွန်အတုပ်များကို ရအောင်ဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ပြီးနောက်ပိုင်း ၎င်း၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့နေရသည်ဟု ထည့်သွင်းပြောကြားသွားခဲ့ပြီးနောက် Zinhtun Kyaw အကောင့်အမည်ဖြင့် တင်ထားသော Facebook လူမှုကွန်ရက်စာမျက်နှာ၌ ထိုသို့ခြိမ်းခြောက်သူမှာ မည်သူမည်ဝါ ဖြစ်နိုင်ကြောင်းကို လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးစိန်လင်း၏ အမည်၊ ဓာတ်ပုံနှင့်တကွ အတင်ခံရခြင်းဖြစ်ကြောင်း သိရပါတယ်။

“ကျွန်တော့ အနေနဲ့ ဒီကိစ္စကို မဖြေရှင်းဘူးဆိုရင် ဟုတ်နေလို့ငြိမ်နေတယ်ဆိုပြီး ယူဆခံရမှာပါ။ မကွေးတိုင်းအတွင်းမှာ သတ္ထုတူးဖော်ရေးလုပ်ငန်းနဲ့ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း လုပ်ကိုင် နေသူ ဦးရေဟာ ဆယ်ဂဏန်းလောက်ရှိပါတယ်။ ကျွန်တော့ အနေနဲ့က ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း ကိုပဲ လုပ်ကိုင်နေတာပါ။ လုပ်ကိုင်ခွင့် ရရှိအောင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လျှောက်ထားပြီးမှ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းတွေအတွက် နိုင်ငံတော်ကိုပေးဆောင်ရမယ့် အခွန်အတုပ်တွေကိုလည်း ရှောင်တိမ်းမှုမရှိဘဲ ပေးဆောင်ခဲ့တာ သက်သေအထောက်အထားတွေနဲ့တကွ တင်ပြနိုင်ပါတယ်။ဒါ့ကြောင့် ဝန်ကြီးချုပ်ကို စိတ်နဲ့တောင်ပြစ်မှားစရာအကြောင်းမရှိပါဘူး”ဟု စွပ်စွဲခံရသူ စိန်ခြည်လင်းကုမ္ပဏီပိုင်ရှင် ဦးစိန်လင်းက မီဒီယာများသို့ ရှင်းလင်းပြောကြားသည်။

ဦးစိန်လင်းအနေဖြင့် ၂၀၀၃ ခုနှစ်ကတည်းက အဆိုပါလုပ်ငန်းများ လုပ်ကိုင်ခွင့်ကို လျှောက်ထားခဲ့ ခြင်းဖြစ်ပြီး လွန်ခဲ့သော(၃)နှစ်ခန့်ကမှ လုပ်ကိုင်ခွင့်ရခဲ့သူဖြစ်ကြောင်း သိရသည်။

“Zinhtun Kyaw အမည်နဲ့ တင်ထားတဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဦးစိန်လင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ စာသားတွေနဲ့ပို့စ်တင်တယ်။ ပြီးတော့ သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ သူ့ရဲ့ဓာတ်ပုံနဲ့တကွ တင်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ဦးစိန်လင်းက စခန်းမှာတိုင်ချက်ဖွင့်လို့ ရဲအရေးပိုင်တဲ့ပြစ်မှုဖြစ်တာကြောင့် အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးဆောင်ရွက်သွားမှာပါ”ဟု အမှုစစ်အရာရှိ ဒုရဲအုပ် ကျော်လွင်ဖြိုးက ပြောသည်။

အဆိုပါအမှုအား မင်းဘူးမြို့မရဲစခန်းမှ (ပ) ၃၃၃/၂၀၁၆၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ စစ် ဆေးဆောင်ရွက်ထားပြီး လိုအပ်ပါက ဆက်သွယ်ရေးကွန်ရက်များ၊ စီအိုင်ဒီများနှင့် ပူးပေါင်း၍ အကောင့် ပိုင်ရှင်ကို ဖော်ထုတ်ကာ အမှန်တကယ် နစ်နာအောင်ပြုလုပ်သည်ဟု ပေါ်ပေါက်ပါက ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်သွားမည်ဟု အမှုစစ်အရာရှိက ပြောသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ဝန်ကြီးချုပ်က ၎င်းနှင့် ၎င်း၏ကိုယ်ရေးအရာရှိ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရသည်ဟု ပြောကြား သွားခဲ့သော်လည်း မည်သူက မည်သို့ ခြိမ်းခြောက်သည် ဆိုသည်ကိုမူ ပြောကြားသွားခြင်းမရှိခဲ့ဟု သိရသည်။

သတင်း။  ။ ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~