တာချီလိတ်၌ ရေစီးရေလာ ကောင်းမွန်ရေးအတွက် နုန်းဆယ်ခြင်း နှင့် ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေ

တာချီလိတ်၌ ရေစီးရေလာ ကောင်းမွန်ရေးအတွက် နုန်းဆယ်ခြင်း နှင့် ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေ
ဇွန် 28, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်လ (၂၈) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ပြည်သူ့အတွက် ပထမရက် (၁၀၀) စီမံချက်ဖြင့် မြို့တွင်း ရေကြီး ရေလျှံမှု လျော့နည်းစေရေးနှင့် လမ်းဖြတ် ရေနှုတ်မြောင်းလုပ်ငန်းများအပြင် မြို့တွင်း ယာဉ်အန္တရာယ် ကင်းဝေးစေရေးတို့ အတွက် လမ်းဘေးဝဲယာ တိုးချဲ့ခြင်းတို့ကို လုပ်ဆောင်နေကြောင်း သိရသည်။

စည်ပင်သာယာရေးဌာနက မယ်ခေါင်ချောင်းတွင် စက်ယာဉ်ယန္တရားဖြင့် နုန်းဆယ်ခြင်း၊ ခွင့်ပြု ရန်ပုံငွေကျပ်သိန်း (၂၄၀)ဖြင့် ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ ပုန်းညက်လမ်း အရှည် (၈၀၀)ပေ၊ အကျယ်(၁၈)ပေအား ကတ္တရာခင်း ဆောင်ရွက်ခြင်း၊ ရှမ်းရိုးမကွင်းပတ်လည်အား ရေနှုတ်မြောင်းတူးခြင်းနှင့် လမ်းဖြတ်ရေမြောင်းအား စက်ယန္တရားဖြင့် မြေတူးဆောင်ရွက်ခြင်း၊ ခွင့်ပြုရန်ပုံငွေကျပ်သိန်း(၃၁၃)ဖြင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂)မှ ပါဆတ်ရပ်ကွက်ရှိ ခိုတောင်းတံတားအထိ အရှည်ပေ(၄,၀၀၀)၊ အကျယ်(၃)ပေအား လမ်းဘေး ၀ဲ၊ယာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဟောင်လိတ် အခြေခံ ပညာ အထက်တန်းကျောင်းရှေ့၌ မြေယာရှုခင်းအသစ် အလှဆင်ခြင်း လုပ်ငန်းများဆောင်ရွက် လျှက်ရှိသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှုများအား သတ်မှတ်စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး၊ စနစ်တကျ ဖြစ်စေရေးအတွက် ဇွန်လ(၂၈)ရက်၊ မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ မြို့နယ် စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း နှင့် အင်ဂျင်နီယာမှူး ဦးလှမျိုးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်း။  ။ ဝေယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net