တာချီလိတ်မြို့နယ် စာစစ်ဌာနမှ ၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု

တာချီလိတ်မြို့နယ် စာစစ်ဌာနမှ ၂၀၁၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု
ဇွန် 23, 2016
By Tachileik News Agency

တာချီလိတ်၊ ဇွန်လ(၂၃)
တာချီလိတ်မြို့နယ်တွင် ၂၀၁၅ -၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ဂုဏ်ထူးဖြင့် အောင်မြင်သူ များနှင့် သင်ကြားပေးသည့် ဆရာ၊ဆရာမများအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ပညာရေးကော်မတီတို့မှ ဦးဆောင်၍ ဂုဏ်ပြုလက်မှတ်နှင့်ဆုတံဆိပ်များအပြင် ငွေသားဆုများကို ချီးမြှင့်လိုက်သည်။

အဆိုပါ ဆုပေးပွဲအား အောင်မြတ်ခန်းမတွင် ဇွန်လ (၂၃)ရက်နေ့ မနက်(၉)နာရီအချိန်က ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဌာနဆိုင်ရာများ တက်ရောက်ပြီး တာချီလိတ်မြို့နယ်စာစစ်ဌာနအတွင်း (၄)ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူတစ်ဦးအပါအ၀င် ဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူ (၁၄)ဦးတို့အား ဆုချီးမြင့်လိုက်ခြင်းဖြစ်သည်။

“အဓိကကတော့ လာမယ့်ပညာသင်နှစ်မှာ အောင်ချက်မြင့်မားစေရေးအတွက် အခုနှစ်မှာ ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုတွေ ပေးခြင်းဖြစ်ပါတယ်။ အခုလို ဆုချီးမြှင့်တော့ အခုတက်ရောက်လာတဲ့ ကျောင်းသား၊ကျောင်းသူတွေက ကြိုးစားချင်စိတ်ရှိလာပြီး အောင်ချက်မြင့်မားအောင်ရယ် အောင်မြင်သွားတဲ့ ကျောင်းသားကျောင်းသူတွေကိုလည်း ဆက်လက်ကြိုးစားချင်စိတ် ပိုမိုရှိလာအောင် ဆုပေးပွဲကျင်းပရခြင်းဖြစ်ပါတယ်။”ဟု ဆုပေးပွဲကျင်းပရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဂုဏ်ထူးရကျောင်းသားကျောင်းသူ (၁၄)ဦးအပြင် ဆရာ၊ဆရာမ (၁၄)ဦးတို့ကိုလည်း ဂုဏ်ပြုဆုတံဆိပ်များ ဂုဏ်ပြုဆုငွေများ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ စာစစ်ဌာနတွင် (၄)ဘာသာဂုဏ်ထူး တစ်ဦး ၊ (၃)ဘာသာဂုဏ်ထူး တစ်ဦး ၊ (၂)ဘာသာ ဂုဏ်ထူး နှစ်ဦး နှင့် (၁)ဘာသာဂုဏ်ထူး (၁၀)ဦး ရရှိခဲ့ခြင်း ဖြစ်သည်။

တာချီလိတ်မြို့ စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၈၂၀)ဦးအနက် အောင်မြင်သူ (၁၂၈)ဦးရှိရာ အောင်ချက်ရာခိုင်နှုန်းမှာ (၁၅.၆၀)ရှိကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၄ - ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ (၈၂၄)ဦးအနက် (၁၆၅)ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်းမှာ (၂၀.၀၂) ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ။  ။ ဇောင်းညီ

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net