ဖုန်းမဲပေါက်သည်ဟု ပြောဆိုပြီး ဖုန်းဆက်လာကာ လိမ်လည်ရာမှ တာချီလိတ်၌ အမျိုးသမီးတစ်ဦး ကျပ်(၁၃)သိန်းခွဲ အလိမ်ခံလိုက်ရ

ဖုန်းမဲပေါက်သည်ဟု ပြောဆိုပြီး ဖုန်းဆက်လာကာ လိမ်လည်ရာမှ တာချီလိတ်၌ အမျိုးသမီးတစ်ဦး ကျပ်(၁၃)သိန်းခွဲ အလိမ်ခံလိုက်ရ
သြဂုတ် 25, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့ရှိ တိုင်းရင်းသူတစ်ဦးထံ ဖုန်းဖြင့်ဆက်၍ ဖုန်းကံစမ်းမဲ နှိုက်ရာတွင် ကံစမ်းမဲပေါက်သည့်အတွက် ကြိုတင်ငွေ (၁၃)သိန်းခွဲ လွှဲပေးပါက ကံစမ်းမဲပေါက်သည့် ငွေအား လွှဲပေးမည်ဖြစ်ကြောင်း အမျိုးမျိုး မက်လုံးပေး၍ ပြောလာသည့်အတွက် အယုံလွယ်ကာ လွှဲပေးလိုက်ပြီးမှ အလိမ်ခံလိုက်ရသည်ကို သိရှိရသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၅ခုနှစ် သြဂုတ်လ(၂၅)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ပါဆပ်ရပ်ကွက်နေ ဒေါ်နန်းဆောင်ခမ်း ကိုင်ဆောင် အသုံးပြုနေလျက်ရှိသည့် မြန်မာ့ဆက်သွယ်ရေးဖုန်း 0949035xxx အား 0973115844 နံပါတ်ဖြင့် အမျိုးသားတစ်ဦးသည် နေပြည်တော်ကဟုဆိုကာ ဆက်သွယ်လာပြီး ယခုကိုင်ဆောင်ထားသည့် ဖုန်းနံပါတ်အား မဲနှိုက်ပေးရာတွင် ဆုမဲကြီးပေါက်ကြောင်း ဆုမဲအဖြစ် ကျပ်သိန်းပေါင်း (၂၈၆)သိန်းရရှိမှာဖြစ်သည့်အတွက် အဆိုပါ ငွေကြေးအား ထုတ်ယူပေးနိုင်ရန်  လောလောဆယ်တွင် နိုင်ငံတော်ကို အခွန်ငွေအဖြစ် ကျပ်(၁၃)သိန်းခွဲကို လွှဲပေးရမှာဖြစ်ကြောင်း၊ ငွေလွှဲပြီးပါက စည်ပင်သာယာရေး ဌာနရုံးရှေ့နားတွင် သွားရောက် စောင့်နေရန်လိုကြောင်း၊ ရုံးရောက်သည့် အခါတွင် စာရေးမ (၂)ဦး လာရောက် ဆက်သွယ်မှာ ဖြစ်ကြောင်းနှင့် ဖုန်းဆက်လာသူသည် ငွေလိမ်လည်ခံရသူဖြစ်သည့် ဒေါ်နန်းဆောင်ခမ်းအား ကိုယ်ရေးကိုယ်တာ အကြောင်းအရာများ၊ မိသားစု အခြေအနေများ အပြင် အလုပ်အကိုင် စီးပွားရေး စသည့် အကြောင်းအရာများကို အသေးစိတ်မေးမြန်းကာ မက်လုံးပေး၍ ငွေလွှဲခိုင်းတာဖြစ်ကြောင်း ကာယကံရှင်၏ ပြောပြချက်အရ သိရသည်။

ထိုသို့ မက်လုံးပေးကာ လိမ်လည်လာသည်ကို ရှမ်းတိုင်းရင်းသူဖြစ်သူ ဒေါ်နန်းဆောင်ခမ်းသည် အယုံလွယ်ကာ တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ KBZ BANK (1) မှ တဆင့် ငွေလွှဲပြီးနောက် စည်ပင်ရုံးရှေ့အနီးသို့ သွားရောက်စောင့်နေသော်လည်း အချိန်(၁)နာရီကြာလာ၍ ဖုန်းထဲတွင် ပြောထားသည့်အတိုင်း စာရေးမများမှ ရောက်မလာသည့်အတွက် မသင်္ကာဖြစ်ကာ ဘဏ်သို့ ပြန်လည်၍ သွားရောက်ကာ မေးမြန်းသည့်အခါမှာ ငွေထုတ်သွားပြီဖြစ်ကြောင်း နှင့် ၎င်းသည် လိမ်ခံလိုက်ရပြီဖြစ်ကြောင်းကို သိရှိရကြောင်း သိရသည်။

တစ်ဖက်မှ လိမ်လည်သူမှာ ဘဏ်တွင် ငွေလက်ခံရန်အတွက် အမည်အား ဦးထိုက်နောင် အမည်ဖြင့် ပေးထားပြီး မှတ်ပုံတင်အမှတ်အား 14/BAKALA(N)336009 ဖြင့် ပေးထားကာ ရန်ကုန်မြို့ရှိ သိမ်ဖြူလမ်းရှိ KBZ BANK သို့ လွှဲခိုင်းပြီး အချိန်တိုအတွင်းမှာ ထုတ်ယူသွားခဲ့တာဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သွားရောက် အသိပေး အကြောင်းကြားခဲ့သော်လည်း ထူးခြားမှု ရှိမရှိကိုတော့ မသိရှိနိုင်သေးကြောင်း သိရသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်ဆိုရင်တော့ ငွေလာရောက် ထုတ်ယူသွားတဲ့ ဘဏ်မှာ အမှုဖွင့်ထားတဲ့ စာရွက်စာတမ်းနဲ့အတူ ဘဏ်တာဝန်ရှိကို ပြပြီး အကူအညီတောင်းရင် ဘယ်ဘဏ်ဖြစ်ဖြစ် ဘဏ်က CCTV မှတ်တမ်းရရှိရေးအတွက် ပါဝင် ကူညီပေးလေ့ရှိပါတယ်။ CCTV မှတ်တမ်းရယူထားနိုင်ရင် တရားခံကို ဖမ်းမိဖို့ နီးစပ်ပါပြီ"ဟု ဘဏ်မန်နေဂျာတစ်ဦးမှ အကြံပြုပြောလာသည်။

"အခုလိုမျိုး ကျိုင်းတုံမှာလည်း ခဏခဏဖြစ်တယ်၊ တာချီလိတ်မှာလည်း (၃)(၄)ခေါက် ဖြစ်ဖူးပြီးပြီ၊ သူတို့က အုပ်စုလိုက်နဲ့ကို လုပ်နေတဲ့ သဘော၊ မှတ်ပုံတင်လည်း အတုလုပ်ပြီး ကိုင်နေတယ်လို့ ယူဆရတယ်၊ ငွေထုတ်သွားလို့ ပေးထားတဲ့ လိပ်စာကို လိုက်တော့ တလွဲစီဖြစ်နေတာတွေ ရှိတယ်.."ဟု ၎င်းမှာ ဆက်လက်ပြောပြသည်။

ယခုလို ဖြစ်စဉ်မျိုးသည် ၁၅၀၀ ကျပ်တန် တန်ဖိုးနည်း ဖုန်းကဒ်များကို မဲနှိုက်ပေးသည့်အချိန်က ရေပန်းစားခဲ့သော လိမ်လည်နည်းများဖြစ်ပြီး၊ ယနေ့အချိန်ထိ အုပ်စုလိုက် လိမ်လည်နေကြသလို အလိမ်ခံရသူများမှာလည်း မြန်မာပြည်အတွင်း အများအပြားရှိခဲ့ကြောင်းနှင့် ယခုလို လိမ်လည်ရာတွင် တစ်ဖက်မှ မိသားစု တစ်ဦးချင်း၏ အချက်အလက်များကို မေးမြန်းလေ့ရှိပြီး မက်လုံးမျိုးစုံကို ပေးကာ လိမ်လည်သည့်အတွက် အယုံလွယ်သူများအဖို့ ဆုံးရှုံးနစ်နာမှုများ ရှိနေမှာဖြစ်ကြောင်း ကျိုင်းတုံမြို့တွင် ယခုလို အလိမ်ခံရသူ တစ်ဦးက ပြောပြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~