မှုခင်းဖြစ်နိုင်ခြေများသည့် ရပ်ကွက်များအတွင်း တာချီလိတ်ရဲတပ်ဖွဲ့မှ ဧည့်စာရင်းစစ်ကာ လှည့်ကင်းပတ်

မှုခင်းဖြစ်နိုင်ခြေများသည့် ရပ်ကွက်များအတွင်း တာချီလိတ်ရဲတပ်ဖွဲ့မှ ဧည့်စာရင်းစစ်ကာ လှည့်ကင်းပတ်
မေ 3, 2015
By Tachileik News Agency

တာချီလိတ်မြို့တွင်း မှုခင်းမဖြစ်ပွားစေရေးနှင့် ရာဇ၀တ်မှုကျူးလွန်သူများ ခိုအောင်းခြင်း မပြုနိုင်ရန် ခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်ဖြင့် တရားဥပဒေမိုးရေး အဖွဲ့ဝင်များမှ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များတွင် နေ့စဉ် ဧည့်စာရင်းပုံမှန် စစ်ဆေးနေလျှက်ရှိရာ မေလ(၂)ရက်နေ့ ညပိုင်းက ၀ိန်းကျောက်ရပ်ကွက်အတွင်း လှည့်ကင်းပတ်၍ ဧည့်စာရင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

“အဓိကတော့ သူစိမ်း အ၀င်အထွက် သိဖို့နဲ့ မှုခင်းဖြစ်နိုင်ခြေများတဲ့ ရပ်ကွက်တွေမှာ ဧည့်စာရင်း လိုက်စစ်တာပါ၊ အရေးယူတာတော့ မလုပ်ဘူး ပညာပေးရုံနဲ့ ရပ်ကွက်အတွင်း တည်ငြိမ်အေးဆေးဖို့ပါ”ဟု ဧည့်စာရင်းစစ်ရာတွင် ဦးဆောင်သော နယ်ထိန်ခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဧည့်စာရင်းစစ်ရာတွင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့၊ နယ်မြေခံ ပြည်သူ့စစ်များ ပါဝင်ကြောင်း၊ နေ့စဉ် စစ်ဆေးလျှက်ရှိကြောင်း၊ ဧည့်စာရင်းစစ်ခြင်းသည် မှုခင်း ကြိုတင် တားဆီးခြင်းဖြစ်ပြီး မြို့ပေါ်သို့ သူစိမ်းဝင်ရောက်မှုအား မျက်ခြေမပျက် သိရှိနိုင်ရန် ရာဇ၀တ်မှု ကျူးလွန်ထားသူများ ခိုအောင်းနိုင်ခြင်း မရှိရန်အတွက် ဖြစ်ကြောင်း နှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ ဖြင့် နေထိုင်နိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များ ပုံမှန်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“ပြည်သူတွေကို ဧည့်စာရင်း တိုင်ခိုင်းတယ်ဆိုတာ တကယ်တော့ သူတို့တွေ ဒီရပ်ကွက်အတွင်း နေထိုင်ကြောင်း ထောက်ခံချက်တစ်ခုဘဲလေ၊ သူတို့နေထိုင်မှန်းသိရင် တကယ်လို့ ပြဿနာဖြစ်ရင် ကျွန်တော်တို့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဖြေရှင်းပေးလို့ရတယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးမှပြောသည်။

ရပ်ကွက်တွင်း နေထိုင်သူများ အနေဖြင့် ဧည့်စာရင်းတိုင်စေလိုကြောင်း၊ သို့မှသာ မိမိတို့ ရပ်ကွက်အတွင်း မည်သူမည်ဝါ နေထိုင်ကြောင်း သိရှိနိုင်မည်ဖြစ်ကြောင်း နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်း နေထိုင်သူများ ထိတွေ့အကျွမ်းဝင်မှုရှိနိုင်ကြောင်း ၎င်းထံမှ သိရသည်။

“တရားဥပဒေဘောင်အတွင်း နေထိုင်သူတွေက အိပ်ရေး၀၀အိပ်ရတာပေါ့ မှုခင်းတွေလည်း လျော့သွားမယ်လေ မဟုတ်ရင် အိမ်ရှေ့ဆိုင်ကယ် ထားမအိပ်ရဲဘူး အခန်းထဲ ထည့်သော့ခတ်ပြီး အိပ်ရတယ် ခိုးမှာကြောက်လို့ လောက်ကိုင်မှာ ကိုးကန့်အဖွဲ့တွေက စစ်မဖြစ်ခင်ကတည်းက စိမ့်ဝင်ပြီး နေရာယူနေတယ်လို့ သတင်းတွေမှာ ဖတ်ရတယ် ဒါမျိုး ဧည့်စာရင်းစစ်တော့ အကြမ်းဖက်မယ့်သူတို့ သောင်းကျန်းသူတို့ စိမ့်ဝင်မှုမျိုးကို ဟန့်တားနိုင်တာပေါ့”ဟု ဒေသခံ တစ်ဦးမှပြောသည်။

တာချီလိတ်မြို့တွင်း ဧည့်စာရင်းစစ်ဆေးခြင်း၊ လှည့်ကင်း၊ ရပ်ကင်း၊ ၀ပ်ကင်းများဖြင့် ပြုလုပ်ခြင်း၊ ရာဇ၀တ်ကျူးလွန်နိုင်သူများ သွားလာနိုင်သည့် လမ်းကြောင်းများတွင် ရှောင်တခင် ပိတ်ဆို့ စစ်ဆေးခြင်းတို့အား တရားဥပဒေစိုးမိုးရေး ပြည်သူ့ဝန်ထမ်းများနှင့် လက်တွဲ ဆောင်ရွက်လျှက်ရှိကြောင်း နှင့် ရပ်ကွက်များအတွင်း တရားဥပဒေစိုးမိုး၍ တည်ငြိမ်အေးချမ်းရန် ပြည်သူများမှလည်း ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~