ကျပ်သိန်းပေါင်း ခုနှစ်ထောင့်ငါးရာကျော် တန်းဖိုးရှိ စိတ်ကြွဆေးပြားများကို တာချီလိတ်၌ ဖမ်းဆီးရမိ

ကျပ်သိန်းပေါင်း ခုနှစ်ထောင့်ငါးရာကျော် တန်းဖိုးရှိ စိတ်ကြွဆေးပြားများကို တာချီလိတ်၌ ဖမ်းဆီးရမိ
မတ် 3, 2015
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း မဟာမဲခေါင် (၄)နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စစ်ဆေးရေး ကာလအတွင်း ကျပ်သိန်းပေါင်း (၇၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်မှ သတင်းရရှိသည်။
တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း (၄)ကျေးရွာအနီး တာချီလိတ်-ကျိုင်းတုံသွား ကားလမ်းမပေါ်တွင် မတ်လ (၂)ရက်နေ့ နေ့လယ်ပိုင်းက မဟာမဲခေါင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွင် ပါဝင်သော မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ တပ်ဖွဲ့စု (၁၀၂)နေပြည်တော်မှ တာဝန်ရှိ တပ်ဖွဲ့ဝင်များနှင့်  မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တာဝန်ရှိ တပ်ဖွဲ့ဝင်များ အပါအ၀င် တာချီလိတ်တပ်နယ်တို့ ပူးပေါင်းပါဝင်၍ မူးယစ်ဆေးဝါးသတင်းအရ ကျရှီးဘို မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွ ရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ သိရသည်။ 
“ထိုင်း၊ မြန်မာ၊ တရုတ်၊ လာအို (၄)နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိင်နင်းရေးစစ်ဆေး ဇန်န၀ါရီလ (၁၂)ရက်နေ့မှ ယနေ့အထိ တာချီလိတ်ခရိုင်အတွင်း စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုမှာ ဒီတစ်ခါ အများဆုံးဘဲ၊ တာချီလိတ်ခရိုင်အတွင်း စစ်ဘက်၊ အရပ်ဘက်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်ပြီး ဖမ်းဆီးရမိတာပါ”ဟု တာချီလိတ်မူးယစ်တပ်ဖွဲ့စု(၃၀)မှ ရဲအုပ် အောင်ကျော်စိုးမှ ပြောကြားသည်။ 
ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားမျာမှာ စုစုပေါင်း(၃၀၂၀၀၀)ပြားရှိပြီး ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း(၇၅၅၀)သိန်းရှိသည့်အပြင် ကဖင်း(၃)ကီလို နှင့် ၉မမပစစ်တို(၁)လက်၊ ကျည်ကဒ်(၁)ခု၊ ကျည်(၂)တောင့်၊ ပွိုင့် ၂၂ ရိုင်ဖယ်သေနတ်(၁)လက်၊ ကျည်ကဒ်(၁)ခုတို့အား ရှာဖွေတွေ့ရှိသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၄/၂၀၁၅ မူး/စိတ်ပုဒ်မ-၁၅/၁၆(ခ)/၁၉(က)/၂၂(ခ) အရအမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~