တာချီလိတ်မြို့တွင် ကောက်ရသည့် ထိုင်းဘတ်ငွေ ၅၅၀၀၀ပါ ပိုက်ဆံအိတ်တစ်လုံးအား ပိုင်ရှင်ဖြစ်သူ ထိုင်းအမျိုးသမီးထံ ပြန်လည်အပ်နှံ

တာချီလိတ်မြို့တွင် ကောက်ရသည့် ထိုင်းဘတ်ငွေ ၅၅၀၀၀ပါ ပိုက်ဆံအိတ်တစ်လုံးအား ပိုင်ရှင်ဖြစ်သူ ထိုင်းအမျိုးသမီးထံ ပြန်လည်အပ်နှံ
ဖေဖော်ဝါရီ 24, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ(၂၄)ရက်၊ ညနေပိုင်းက မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည် ရေးတံတားထိပ်ရှိ အ၀ိုင်းပတ် အနီး၌ ပိုင်ရှင်မဲ့ကောက်ရသည့် အမျိုးသမီးလက်ကိုင် ပိုက်ဆံအိတ်နှင့် အတွင်းပါ ရှိသော ထိုင်းဘတ်ငွေ (၅၅၀၀၀)ဘတ်၊ မိုလ်ဘိုင်း ဖုန်း (၂)လုံး၊ မြန်မာ MPT ဖုန်းကတ်(၁) ကတ်၊ Bangkok Bank ငွေသွင်း ငွေထုတ် ကတ် တစ်ကတ်အား ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံ ၊ မယ်ဆိုင်မြို့နေထိုင်သူ အား အသိသက်သေများရှေ့ မှောက်တွင် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ဦး သည် တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ် အ၀ိုင်း အနီးတွင် ပိုင်ရှင်မဲ့ အမျိုးသမီးလက်ကိုင် ပိုက်ဆံအိတ် တစ်လုံးအား တွေ့ရှိသဖြင့် အနီးရှိ ရှမ်းဝိုင်းဆိုင်ကယ်ဂိတ်မှ ဆိုင်ကယ်မောင်းသူအား မူလပိုင်ရှင်ထံ ပြန်လည် အပ်နှံနိုင်ရေးအတွက် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ယင်း ဂိတ်မှ ဆိုင်ကယ်မောင်းသူများက အနီးရှိ မထသ ဂိတ်မှူးဖြစ်သူ ဦးလှမြင့် ထံ ခေတ္တ အပ်နှံပေး ထားသည်။ ဆက်လက်၍ ပိုက်ဆံအိတ်နှင့်အတူ ပါရှိသည့် ဖုန်းသို့ ပိုင်ရှင်ဖြစ်သူမှ ဆက်သွယ်လိမ့်မည်ဟု မျှော်လင့်၍ စောင့်ဆိုင်းစဉ် လက်ကိုင်အိတ်ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံ၊ မယ်ဆိုင် မြို့နေ မှတ်ပုံတင်အမှတ်- Nationality No. 1-5707-00092-28-9 ကိုင်ဆောင်သူ Miss. Thamon-on က ၎င်းပိုင်လက်ကိုင် ပိုက်ဆံအိတ် ကျပျောက်ကြောင်း ဖုန်းဆက်အကြောင်းကြားလာ၍ ၊ လာရောက်ယူရန် ပြောကြားလိုက်ရာ ချက်ချင်း လာရောက်ကာ ဖုန်းရှိ လော့အားဖွင့်ခြင်း၊ နိုင်ငံသား မှတ်ပုံတင်ပြသခြင်း၊ အိတ်အတွင်း ငွေပါရှိမှု အရေအတွက်ကို ပြောခြင်း စသည့် အထောက်အထားများဖြင့် ပြောဆိုနိုင်သဖြင့် အသိသက်သေများ ရှေ့မှောက်၌ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။

"သတင်းစာတွေမှာရော၊ အင်တာနက်မှာရော သတင်းတွေဖတ်ရတယ်၊ ဒီလိုမျိုး ကောက်ရပြီး ပိုင်ရှင်ကို ရှာပြီးပေးတာတွေပေါ့၊ ပိုင်ရှင်ထံ ပြန်ပေးနိုင်တဲ့အခါ မြန်မာနိုင်ငံသားတွေရဲ့ ရိုးသားမှုကိုလည်း ပြရာရောက်တဲ့အပြင် ကိုယ့်နိုင်ငံအတွက်လည်း ဂုဏ်ရှိတယ်လေ..."ဟု  ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။

ထိုကဲ့သို့ ပြန်လည်ပေးအပ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားများ၏ ယဉ်ကျေးမှုနှင့်
စေတနာများအား တစ်ဖက်နိုင်ငံမှ လေးစားကြည်ညိုမှုဖြစ်စေခြင်း၊ ပျောက်ဆုံးသူ၏ အခက်အခဲအား ဖြေရှင်းကူညီပေးရသဖြင့် ဂုဏ်ယူဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း ဆက်လက်၍ ဦးမြင့်ဦး ကပြောကြားသည်။

"ဒီလိုမျိုး ပိုင်ရှင်ထံကို ပြန်အပ်နှံနိုင်တာဟာ ရိုးသားမှုကို ဖော်ကျူးလိုက်တာပဲ၊ ပိုင်ရှင်က ကိုယ့်မြန်မာနိုင်ငံသား မဟုတ်ဘဲ၊ ထိုင်းအမျိုးသမီးဖြစ်နေတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ပိုလို့တောင် ဂုဏ်ယူစရာ ကောင်းပါတယ်၊ မြန်မာတွေဟာ ရိုးသားတယ် ဆိုတာကို လက်တွေ့ပြလိုက်တာဖြစ်တဲ့အတွက် အခုလို ဆောင်ရွက်ချက်လေးက ၀မ်းသာပီတိဖြစ်စရာပါပဲရှင်..."ဟု အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးရှိ လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးမှ ပီတိစကားဆိုသည်။

ဓါတ်ပုံ/သတင်း ။   ။ ဝေယံလင်း

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~