တာချီလိတ် ကားဝယ်ရောင်း ဈေးကွက် ၀ယ်လက်နည်းပါး

တာချီလိတ် ကားဝယ်ရောင်း ဈေးကွက် ၀ယ်လက်နည်းပါး
ဖေဖော်ဝါရီ 26, 2015
By Tachileik News Agency

တာချီလိတ်မြို့၏ ကားဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ်ကားများမှာ ဈေးကွက်အတွင်း ရှားပါးကြောင်း သိရသည်။

“မော်ဒယ်ဟောင်းအိမ်စီး ဇိမ်ခံကား တွေဆိုရင် ဂျပန်ကျတွေဘဲများတယ်၊ အသစ်ဆိုရင် ဟိုက်လက်၊ Vigo
ဖိုးဝီး(၄x၄)တွေ လောက်ဘဲရှိတယ်၊ Fortuner လို ထိုင်းနိုင်ငံထုတ်တွေရှိတယ်၊ ဈေးကွက်ကတော့ အေးတယ်”ဟု ကားဝယ်ရောင်းလုပ်သူ ဦးဝင်းကိုမှပြောသည်။

ထိုင်းနိုင်ငံမှတဆင့် တာချီလိတ်မြို့တွင်းသို့ ၀င်ရောက်လာသော ဂျပန်ကျ ကားများ အများအပြား ရှိသော်လည်း ထိုင်းနိုင်ငံ ထုတ်ကားများ ရှားပါးလျှက်ရှိကြောင်း နှင့် ကားဈေးကွက်တွင် အရောင်းအ၀ယ် အေးလျှက်ရှိသော်လည်း ဈေးနှုန်းကျဆင်းခြင်း မရှိသဖြင့် ၀ယ်လက်များ နည်းပါးကြောင်း သိရသည်။

“နမ့်စန်မြို့ ကနေ ထိုင်းနိုင်ငံထုတ် မော်ဒယ်ဟောင်းကားတွေ ဒီမှာရှိမလားလို့ လာဝယ်တာ ဂျပန်ကားတွေ ဘဲများတယ်၊ နောက်ပြီး ဈေးက မကိုက်ဘူး၊ မြ၀တီက ၀င်တဲ့ကားထက် ဈေးကြီးနေတယ်၊ တောင်ပေါ်မှာဆို မော်ဒယ်ဟောင်း ဖိုးဝီးတွေ ရောင်းကောင်းတယ်၊ ဒီမှာက ရှာရတာခက်တယ်”ဟု တာချီလိတ်သို့ ကားလာရောက်ဝယ်သူ ကိုထွန်းညွှန့်မှပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တင်သွင်းသော လိုင်စင်မဲ့ကားများသည် ဈေးကြီးခြင်းကြောင့် မြ၀တီမြို့မှသာ မှာယူကြောင်း နှင့် ကားကောင်းသော်လည်း ဈေးနှုန်းများမှာ ကြီးနေသည့်အတွက် မြ၀တီဘက်တွင် ကားတင်သွင်းခ တစ်စီး ကျပ်(၁)သိန်းခန့်သာ ရှိသော်လည်း တာချီလိတ်တွင် အနည်းဆုံး(၅)သိန်းမှ မော်ဒယ်အလိုက် ပေးရသည့်အပြင် ကားကောင်းလျှင် ကျပ်သိန်း (၂၀)ခန့်အထိ ပေးရကြောင်း ၎င်းထံမှသိရသည်။

“အခု တစ်ခန်းခွဲနဲ့ အိမ်သုံးကားတွေကို တရားဝင် လိုင်စင်လုပ်ဖို့ တင်သွင်းခွင့်ပေးထားပေမယ့် သွင်းတဲ့သူ မရှိသလောက်ပါဘဲ၊ မြို့ထဲမှာ ရှိတဲ့ ကားတွေဘဲ အရောင်းအ၀ယ် ပါးပါးလေးရှိတယ်၊ အလဲအထပ်လောက်၊ ကားပြောင်းစီးတာလောက်ပေါ့”ဟု ကားဝယ်ရောင်းလုပ်သူ တစ်ဦးမှပြောသည်။

“နောက်ဆုံးပေါ်ကားတွေကတော့ ရောင်းဖို့ရှိတယ် Vigo, Frotunerတို့ ၂၀၁၄၊ ၂၀၁၅ မော်ဒယ်တွေလဲရှိတယ်၊ ဒါပေမယ့် ၀ယ်လက်မရှိတာ ခက်တယ်”ဟုကားဝယ်ရောင်း ကိုမင်းဇင်မှ ပြောသည်။

ယခင်က ထိုင်းနိုင်ငံတွင် အခွန်ဆောင်ပြီးပါက တင်သွင်းခွင့်ပေးသော်လည်း ယခုအချိန်တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ ကားခိုးသွင်းမှု လမ်းကြောင်းများကို ထိုင်းနိုင်ငံရဲများမှ လမ်းကြောင်းအားလုံးနီးပါး ပိတ်ပင်ထားကြောင်းကို ကားတင်သွင်းသော အသိုင်းအ၀ိုင်းမှ သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ ကြော်ငြာ ~~~~~~~~~