တာချီလိတ် ရွှေတိဂုံစေတီတော်၌ ဘုရားဖူးများအား အမှီပြု၍ ရိုးသားစွာ လုပ်ကိုင်နေကြသူများကို နိုင်ငံခြားသားများမှ အားပေးလျက်ရှိ

တာချီလိတ် ရွှေတိဂုံစေတီတော်၌ ဘုရားဖူးများအား အမှီပြု၍ ရိုးသားစွာ လုပ်ကိုင်နေကြသူများကို နိုင်ငံခြားသားများမှ အားပေးလျက်ရှိ
ဖေဖော်ဝါရီ 26, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် နိုင်ငံခြားသားများ မြန်မာဝတ်စုံနှင့် ဓါတ်ပုံရိုက်ကူးခြင်းအား ပိုမိုသဘောကျကြောင်း သိရသည်။

“ဓါတ်ပုံရိုက်တာတော့ နိုင်ငံခြားသားတွေ အရိုက်များတယ် အမျိုးသမီးတွေအနေနဲ့ သူတို့ဝတ်လာတာ ဘောင်းဘီအတို၊ စကပ်အတို၊ ရင်ဟိုက်တွေဆိုရင် အင်္ကျီ၊ ထမီလဲခိုင်းရတယ်၊ အဲ့ဒီအချိန်ဆိုသူတို့က မြန်မာအ၀တ်အစားနဲ့ဆိုတော့ အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်”ဟု ဓါတ်ပုံရိုက်ကူးသူမှ ပြောသည်။

တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်သည့်အတွက် နိုင်ငံခြားသားများ အ၀င်အထွက်များလျက်ရှိရာ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု သဘာဝများအား လာရောက်ကြည့်ရှုလိုခြင်းဖြစ်သည့် အတွက် လာရောက်ကြခြင်းဖြစ်ပြီး ရာသီမရွေးလာရောက်မှုရှိကြောင်း သိရသည်။

တာချီလိတ်မြို့သို့ မြန်မာနိုင်ငံအတွင်းမှ လာရောက် လည်ပတ်သူများပြီး တိုင်းရင်းသား လူမျိုးများသည် ပွဲတော်ရှိသည့် ကာလများနှင့် ရိုးရာနှစ်သစ်ကူး အားလပ်ရက်များတွင် အလာများကြောင်း နှင့် နိုင်ငံခြားသား လာရောက်မှုတွင် တရုတ်နှင့် ထိုင်းလူမျိုးများဖြစ်ပြီး အနောက်နိုင်ငံသား နည်းပါးကြောင်းအပြင် ခရီးသွားကာလတွင်သာ အနောက်နိုင်ငံသားများ လာရောက်တတ်ကြောင်း သိရသည်။

“ဘုရားရင်ပြင်ပေါ်မှာ ဓါတ်ပုံရိုက်ကူးသူ (၁၃)ဦးရှိတယ်၊ ဘုရားဖူးများရင် များသလိုရပါတယ်၊၊ တရုတ်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေကို ရိုက်ကူးပေးရတာ ပိုများပါတယ်၊ တိုင်းရင်းသားတွေကိုတော့ အခါကြီးရက်ကြီးတွေမှာ ပိုပြီးအလာများတဲ့ အတွက် ရိုက်ရပါတယ်၊ အာခါလူမျိုးနဲ့ “၀”လူမျိုးတွေ ပိုရိုက်ကြတယ်”ဟု ဓါတ်ပုံဆရာတစ်ဦးမှ ပြောသည်။

“ရွှေတိဂုံဘုရားကိုမှီပြီး ကျွန်တော်တို့ အသက်မွေးတာဆိုတော့ ဓါတ်ပုံရိုက်လို့ရတဲ့ပိုက်ဆံထဲက တစ်ချို့တစ်ဝက်ကိုတော့ ဘုရားကြီးပြန်လည် မွမ်းမံဖို့အတွက်နဲ့ ရည်ရှည်တည်တံ့ဖို့ အလှူငွေပြန် လည်လှူဒါန်းပါတယ်”ဟု ဓါတ်ပုံရိုက်ကူးသူများမှ ပြောသည်။

တာချီလိတ် ရွှေတိဂုံဘုရားတွင် မြန်မာရိုးရာ ပစ္စည်းရောင်းချသူများ၊ ပန်းရောင်းသူများနှင့် ရှမ်းရိုးရာ အစားအစာ ရောင်းချသူများအပြင် အမှတ်တရပစ္စည်း ရောင်းချသူများလည်း ဘုရားကြီးအား အမှီပြု၍ စီးပွားလုပ်ကိုင်ကြကြောင်း သိရသည်။

“ညီမတို့က ဧည့်သည်တွေကို မိုးရွာရွာ နေပူပူ ထီးလိုက်မိုးပေးတာပါ၊ သူတို့က မုန့်ဖိုးပေးရင် မယူပါဘူး၊အမှတ်တရ ပစ္စည်းတွေဘဲ ၀ယ်ခိုင်းပါတယ်၊ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတို့ မြန်မာသနပ်ခါးတုံးတို့ အမှတ်တရ ပစ္စည်းတွေပါ”ဟု ရွှေတိဂုံရင်ပြင်ပေါ်သို့ လာရောက်သော နိုင်ငံခြားဧည့်သည်များအား ထီးလိုက်လံမိုးပေး၍ ဈေးရောင်းချသူ အမျိုးသမီးငယ်တစ်ဦးမှပြောသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~