ခြံစည်းရိုးတိုင်အား အရှိန်ပြင်းပြီး ၀င်တိုက်မိရာမှ အမျိုးသားနှစ်ဦးအနက် တစ်ဦးသေဆုံး

ခြံစည်းရိုးတိုင်အား အရှိန်ပြင်းပြီး ၀င်တိုက်မိရာမှ အမျိုးသားနှစ်ဦးအနက် တစ်ဦးသေဆုံး
ဖေဖော်ဝါရီ 28, 2015
By Tachileik News Agency

တာချီလိတ် - ကျိုင်းတုံလမ်းမပေါ်တွင် အမျိုးသားနှစ်ဦးသည် မော်တော်ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ အကွေ့အရောက်မှာ ခြံစည်းရုံးရှိ ကွန်ကရစ်တိုင်အား အရှိန်ပြင်းစွာ ၀င်တိုက်မိရာမှ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက် ည(၇း၀၀)နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ ၀မ်လုံးကျေးရွာအုပ်စု၊ ၀မ်ကျောက်လုံကျေးရွာ ပြည်သူ့စစ်စခန်းရှေ့ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမပေါ် လမ်းအကွေ့တွင် မယ်ယန်းဘက်မှ ဟောင်လိတ်ဘက်သို့ မောင်ယောဟန် မောင်းနှင်ပြီး နောက်တွင် မောင်လီပါ လိုက်ပါမောင်းနှင်လာသော မော်တော်ဆိုင်ကယ်သည် အဆိုပါနေရာ အရောက် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးသို့ ထိုးကျခဲ့ပြီး ခြံစည်းရိုး ကာရံထားသော ကွန်ကရစ်တိုင်အား တိုက်မိပြီး တိမ်းမှောက်ရာမှ မောင်ယောဟန်သည် ယာဘက်နဖူး ပေါက်ပြဲပြီး ယာဂျိုဇောင်းပေါက်ပြဲသည့်အပြင် ယာခြေကျင်းဝတ် ဖူးယောင်ကာ ယာခြေသလုံးကျိုးသည့် ဒဏ်ရာတို့ဖြင့် သေဆုံးသွားပြီး မော်တော်ဆိုင်ကယ် နောက်တွင် လိုက်ပါလာသူ မောင်လီပါမှာ ယာဘက် မျက်ခုံးပေါက်ပြဲ ၊ လက်နှစ်ဖက် ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

( တိုက်မိသည့် နေရာ )

ယခုလိုဖြစ်ပွားမှုနှင့် ပတ်သက်၍ သေဆုံးသူသည် ဘီယာသောက်ပြီး မောင်း၍ လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ခြံစည်းရိုးတိုင်ကို ၀င်တိုက်မိရာမှ အရှိန်ပြင်းပြီး ဦးခေါင်းဒဏ်ရာတို့ဖြင့် သေဆုံးသွားတာဖြစ်ကြောင်း နှင့် သေဆုံးသူ၏ ရုပ်အလောင်းအား ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်ပြီး ဒဏ်ရာများရရှိကာ သေဆုံးသွားသည့် ယာဉ်မောင်းသူ အသက်(၂၁)နှစ်အရွယ်ရှိ မောင်ယောဟန်အား တာချီလိတ်မြို့မ ရဲစခန်းတွင် ယာဉ်(ပ)၁၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၀၄-ကအရ အမှုဖွင့်ထားရှိကြောင်း သိရသည်။

ဓါတ်ပုံ။  ။ တာချီလိတ်နာရေးကူညီမှုအသင်း

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~