တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ပြည်သူများအတွက် ၀န်ဆောင်မှု အကောင်းဆုံး ပေးနိုင်ရန် ညှိနှိုင်းဆွေးနွေး

တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ပြည်သူများအတွက် ၀န်ဆောင်မှု အကောင်းဆုံး ပေးနိုင်ရန် ညှိနှိုင်းဆွေးနွေး
နိုဝင်ဘာ 22, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်း (၂၄)နာရီ လျှပ်စစ်မီးလင်းရေးအတွက် မီးလင်းရေးကော်မတီ(တာချီလိတ်)မှ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးအား တဆင့်ဝယ်ယူကာ တာချီလိတ်မြို့ရှိ ပြည်သူများကို ပြန်လည်၍ ဖြန့်ဝေပေးလျှက်ရှိရာ ထိုသို့ လျှပ်စစ်မီး ဖြန့်ဝေပေးမှုများနှင့် ပတ်သက်၍ သုံးစွဲသူများ အနေဖြင့် လစဉ် သုံးစွဲခ ပေးချေမှုများ၊ ပေးချေမှုနောက်ကျနေသည့် ကိစ္စများ၊ နောက်ကျသည့်အတွက် ဒဏ်တပ်မှုများနှင့် မီးအားကျနေသည့် နေရာများတွင် မီးအားမြှင့်တင်နိုင်ရေး အပြင် မြို့သာယာလှပရေးအတွက် လမ်းမီးများ လင်းစေရေး စသည့် ကိစ္စရပ်များအတွက် ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၁)ရက် မွန်းလွဲပိုင်း (၁)နာရီအချိန်က တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ စည်းဝေးခန်းမတွင် မီးလင်းရေးကော်မတီ (တာချီလိတ်)မှ နာယကများ၊ ကော်မတီဝင်များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ စသည်တို့မှ တွေ့ဆုံ၍ မီးလင်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် မီးလင်းရေးကော်မတီ (တာချီလိတ်)၏ နာယကများဖြစ်သည့် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် သုဓမ္မမဏိဇောတဓရ ဦးမောင်လေး အပါအ၀င် ကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဒုတိယ ဥက္ကဌ ဦးကြည်မြင့်၊ အတွင်းရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င် ကော်မတီဝင် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ စသည်တို့မှ တက်ရောက်လာပြီး မြို့မီးလင်းရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အထူးတလည် ဆွေးနွေးခဲ့ကြသည်။

ကနဦး ဆွေးနွေးမှုအစတွင် မီးလင်းရေးကော်မတီ (တာချီလိတ်)၏ ဥက္ကဌ ဖြစ်သူ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ကျိုင်းလပ်မြို့တွင် လာအို - မြန်မာ တံတားဆောက်လုပ်ပြီးပါက မီးလင်းရေးကိစ္စ၊ အချို့နေရာများတွင် လျှပ်စစ်ဓါတ်အား ကျနေသည့် ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ မီးလင်းရေး အဖွဲ့မှ ဆောင်ရွက်နိုင်ရေး ကိစ္စ၊ အချို့မှောင်နေသည့် နေရာများတွင် လမ်းမီးများ လင်းစေရေးကိစ္စအပြင် လစဉ် သုံးစွဲမှု ကျသင့်ငွေ ကောက်ခံရေးအတွက် ဘေလ်စနစ်အား အဆင်ပြေစေရေး အတွက် ညှိနှိုင်းရေးကိစ္စ နှင့် လျှပ်စစ်မီး သုံးစွဲသူများကို အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်ရေးကိစ္စ စသည်တို့ကို အဓိကထား ဆွေးနွေးရန်အတွက် လမ်းကြောင်းဦးတည်၍ အစပျိုးရာ မီးလင်းရေးအဖွဲ့ခွဲ(၂)မှ  တာဝန်ခံ အင်ဂျင်နီယာ ဦးကြည်လွင်က လျှပ်စစ်ဓါတ်အား ကျနေသည့် နေရာများတွင်  ထရန်စဖော်မာ တပ်ဆင်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးတင်ပြသည်။

မီးလင်းရေးအဖွဲ့ခွဲ(၂)မှ  တာဝန်ခံ အင်ဂျင်နီယာ ဦးကြည်လွင်က ဆွေးနွေးတင်ပြရာတွင် မီးလင်းရေး အဖွဲ့ခွဲ(၂)ရှိ ရပ်ကွက်များအနက် ၀ိန်းကျောက်၊ ရန်အောင်မြေ၊ ပါဆတ် နှင့် ဆေခမ်း ရပ်ကွက်တို့တွင် မီးအားကျဆင်းနေသည့် အတွက် တစ်ရပ်ကွက်လျှင် ထရန်စဖော်မာ (၁)လုံးစီဖြင့် စုစုပေါင်း (၄)လုံး တပ်ဆင်ရန် မှာယူထားပြီဖြစ်ရာ အဆိုပါ ထရန်စဖော်မာများကို ဒီဇင်ဘာလ အပြီးတွင် တပ်ဆင်ပြီးစီးမှာ ဖြစ်ကြောင်း တင်ပြလာသည်။

ကော်မတီ၏ နာယက ဖြစ်သူ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦးမှလည်း မီးအားကျဆင်းမှုကို မြှင့်တင်နိုင်ရန်အတွက် ထရန်စဖော်မာ တပ်ဆင်ခြင်းနှင့် ပတ်သက်၍ ထရန်စဖော်မာများကို တပ်ဆင်သည့်အခါမှာ ပြည်သူများကို အကောင်းဆုံး ၀န်ဆောင်မှု ပေးနိုင်ရန်အတွက် မြန်မြန်ဆန်ဆန် ဆောင်ရွက်စေလိုပြီး သတ်မှတ်ထားသည့် ဒီဇင်ဘာလအတွင်း ပြီးမြောက်ရန်အတွက် ကြိုးစား တပ်ဆင်ပေးစေလိုကြောင်း  ထပ်ဆင့်ပြောကြားသည်။

ဆက်လက်၍ လမ်းမီးကိစ္စနှင့် ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက လမ်းမကြီး တစ်လျှောက်ကို အရင်ဆုံး မီးများ လင်းစေလိုကြောင်း၊ လမ်းမီးများသည် မြို့အတွက် အလှကို ပုံဖော်ပေးသလို၊ မီးအလင်းရောင်ကြောင့် ဒုစရိုက်မှုများကိုလည်း ကာကွယ်စေကြောင်း ထို့အတွက် လမ်းမကြီးတစ်လျှောက်ကို ဦးစားပေး၍ လမ်းမီးသီးများ တညီတညာတည်း ထားရှိပြီး အရင်ဆုံး မီးလင်းရန် ဆောင်ရွက်စေကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း မိမိတို့၏ ရပ်ကွက်အတွင်း လမ်းမီးများ ပျက်စီးနေလျှင် သော်လည်းကောင်း၊ မီးသီးများ ကျွမ်းနေလျှင် သော်လည်းကောင်း ပြုပြင် တပ်ဆင်သင့်သည်များကို ဆောင်ရွက်ကြရန် ပြောကြားသည်။

လမ်းမီးလင်းရေးအတွက် မီးလင်းရေးအဖွဲ့ခွဲ(၂)က လမ်းမီးများကို (၁၅)ရက်အတွင်း လေဆိပ်အထိ တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြား တင်ပြလာသည်။

လမ်းမီးလင်းရေးနှင့် မီးအားကျနေသည့် ကိစ္စရပ်များကို ဆွေးနွေးပြီးသည့်နောက်မှာ လစဉ်မီတာသုံးစွဲခ ကောက်ခံခြင်းနှင့် ပတ်သက်၍ အခက်အခဲများကို ညှိနှိုင်း ဖလှယ် ဆွေးနွေးကြသည်။

လစဉ် မီတာအသုံးပြုခ ကောက်ခံရာတွင် အချို့သော သုံးစွဲသူများအနေဖြင့် လစဉ်မီတာအသုံးပြုခများကို ပေးဆောင်ရာတွင် သတ်မှတ်ရက်ထက် နောက်ကျနေမှုများ ဖြစ်ပေါ်နေသည့်အတွက် ထိုသို့ နောက်ကျနေမှုကို  ဒဏ်ငွေရိုက်သည့် အနေဖြင့် (၂၀၀)ဘတ် ကောက်ခံသည့် ကိစ္စနှင့် စပ်လျဉ်း၍  မီးလင်းရေးကော်မတီဝင် ဦးထိန်မင်းက မီးတာခ ပေးသွင်းမှု နောက်ဆုံး သတ်မှတ်ရက်ကို လစဉ် (၂၅)ရက်ဟု အသိပေးထားသော်လည်း လစဉ် (၂၇)ရက်နေ့ ကျော်လွန်မှသာ ဒဏ်ငွေရိုက်တာ ဖြစ်ကြောင်း ထိုသို့ ဒဏ်ငွေရိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ အများနည်းတူ သတ်မှတ်ထားသည့် စည်ကမ်းနှင့် ပတ်သက်၍ ကောက်တာဖြစ်ရာ လစဉ်အသုံးပြုခ ပေးဆောင်သည့်ကိစ္စကို သိရက်နှင့် လာမဆောင်သူများရှိနေသလို၊ မေ့သွားသည့် လူများလည်း ရှိသည့်အပြင် ခရီးလွန်နေသည့် လူများလည်းရှိကြောင်း၊ ယခုလို ရက်လွန်ကြေးအဖြစ် ဒဏ်ကြေးကောက်ခံမှုသည် တာချီလိတ် မီလင်းရေးကော်မတီကို စတင်ဖွဲ့စည်းစဉ် ကာလ ကတည်းက ဆောင်ရွက်လာခဲ့သည့် ဒဏ်ပေးစနစ်သာဖြစ်ကြောင်း နှင့် ယခုလို ဒဏ်ကြေးသတ်မှတ်ရခြင်းသည် မီတာအသုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ လစဉ်အသုံးပြုခ များကို အားလုံး လာရောက်ပေးသွင်းပြီးမှသာ ထိုင်းဘက်သို့ မီတာခကို ပြန်လည်ရှင်းရတာဖြစ်သည့်အတွက် ရက်လွန်ကြေးအဖြစ် ဒဏ်ငွေကို ကောက်ခံရတာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ၀မ်ကောင်းရပ်ကွက်နေ ဒေါ်စိုးဥမ္မာက မီတာခပေးဆောင်သည့် ကိစ္စနှင့် ပတ်သက်၍ လစဉ် မီတာခ ပေးဆောင်ရာမှ မိမိတို့အိမ်အနေဖြင့် မီတာခ မည်မျှကျသင့်သည်ကို ကြိုတင်မသိရှိရဘဲ၊ မီတာခ သွားဆောင်သည့် အခါမှသာ သိရသည့်အတွက် အဆင်မပြေကြောင်း ထို့အတွက် ကြိုသိရှိနိုင်ရန် တစ်ခုခု စီစဉ်ပေးစေလိုကြောင်း တင်ပြလာသည်။

တာချီလိတ်မြို့ပေါ်တွင် အပိုင်းနှစ်ပိုင်းခွဲ၍ မီးလင်းရေးအဖွဲ့ခွဲ နှစ်ဖွဲ့ထားရှိရာ အဖွဲ့ခွဲ(၂)တွင် လစဉ် ကျသင့်သည့် မီတာအသုံးပြုခများကို တယ်လီဖုန်းဖြင့် ဆက်သွယ်၍ အကြောင်းကြားသည့် စနစ်ကိုအသုံးပြုကြောင်း သိရသည်။

မီးလင်းရေးကော်မတီဝင် ဦးတင်လှိုင်(အဆွေတော်)က မီးလင်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ မလိုလားအပ်သည့် ကိစ္စရပ်များ မဖြစ်စေရန်အတွက် မီးလင်းရေးကော်မတီမှ ရပ်ကွက်အဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့်အရေးကို ထည့်သွင်းစဉ်းစားစေလိုကြောင်း အကြံပြုဆွေးနွေးလာသည်။

တာချီလိတ်မြို့အတွင်း လျှပ်စစ်မီးပေးဝေဖြန့်ဖြူးရေး ကိစ္စရပ်များတွင် ပြည်သူအား အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်ရန်အတွက် အထူးတစ်လည် ဆွေးနွေးခဲ့ကြပြီးနောက် အစည်းအဝေးဆုံးဖြတ်ချက်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ရှင်းလင်းဖတ်ကြားသည်။

အစည်းအဝေး၏ ဆုံးဖြတ်ချက်များထဲတွင် လစဉ်သုံးမီတာခများကို သုံးစွဲသူများအနေဖြင့် သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်ရုံးများအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အသိပေးကြေညာထားရန်၊ သက်ဆိုင်ရာ ရပ်ကွက်ရုံးများမှာ တပ်ဆင်ထားရှိသော အသံချဲ့စက်များဖြင့် မီတာအသုံးပြုခ လာရောက်ဆောင်နိုင်ရန်အတွက် အသိပေး ဆော်သြရန်၊ သက်မှတ်ကာလအတွင်း မီတာခလာရောက် ဆောင်ခြင်းမရှိသည့် အိမ်အား အသိပေးပြီးမှ မီးဖြတ်တောက်ရန် နှင့် နောက်ဆုံးအဆင့် အနေဖြင့် ပျက်ကွက်သည့် အိမ်အား လာရောက်ဆောင်ရန်အတွက် ပြေစာပို့၍ အသိပေးခြင်း စသည်တို့ဖြစ် ပါဝင်ကြောင်း သိရသည်။

တဆက်တည်းမှာပင် မီးလင်းရေးကော်မတီ(တာချီလိတ်)အနေဖြင့် ပြည်သူများသိရှိနိုင်ရန် အတွက် သတင်းနှင့် ပြန်ကြားရေးအနေဖြင့် တာချီလိတ်အွန်လိုင်းသတင်းဌာန၏ အကူအညီရယူကာ လူမှုကွန်ယက် တစ်မျိုးဖြစ်သည့် Facebook တစ်ခု ပြုလုပ်၍ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များ၊ တင်ပြချက်များကို Facebook မှ တဆင့်လည်း ဆက်သွယ် အသိပေးနိုင်ရန် နှင့် ကော်မတီ၏ အသိပေးကြေညာမှုများ၊ ဆောင်ရွက်ချက်များအား ဖော်ပြထားနိုင်ရန်အတွက်လည်း Facebook တစ်ခု ပြုလုပ်ထားရှိရန်အတွက်ကိုလည်း အတည်ပြုခဲ့ကြသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် မြို့မီးလင်းရေးအနေဖြင့် အပိုင်း (၂)ပိုင်းခွဲ၍ ထားရှိရာ၊ လွယ်တော်ခမ်းကျေးရွာအုပ်စုမှ ဆန်ဆိုင်း(ခ)ရပ်ကွက်အထိတွင် လျှပ်စစ်မီးပေးဝေထားသည့် အိမ်ခြေမှာ (၅၀၉၀)အိမ်ခြေရှိပြီး ဆန်ဆိုင်း(က)မှ ဝှေလေလန်အထိတွင် အိမ်ခြေ(၇၀၀၀)ကျော်အား လျှပ်စစ်မီး ပေးဝေထားရှိရာ တာချီလိတ်မြို့ပေါ်တစ်ခုတည်းတွင် အိမ်ခြေစုစုပေါင်း (၁၂၀၀၀)ကျော်ကို (၁)ယူနစ်လျှင် (၆)ဘတ်နှုန်းဖြင့် ပေဝေးဖြန့်ဖြူးထားရှိကြောင်း သိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ပြည်သူများအတွက် ၀န်ဆောင်မှု....

30 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~