တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးတွင် ပျံကျနေရာများ အမြန်ဆုံးချထားပေးခြင်း မရှိပါက အောက်တိုဘာလ(၂၇)ရက်နေ့တွင် တရားဥပေဒအရ ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ပျံကျဈေးသူ ဈေးသားများအဖွဲ့မှ ပြော

တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးတွင် ပျံကျနေရာများ အမြန်ဆုံးချထားပေးခြင်း မရှိပါက အောက်တိုဘာလ(၂၇)ရက်နေ့တွင် တရားဥပေဒအရ ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ပျံကျဈေးသူ ဈေးသားများအဖွဲ့မှ ပြော
အောက်တိုဘာ 16, 2014
By Tachileik News Agency

တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးတွင် ဖြစ်ပေါ်နေသော ပျံကျဆိုင်ခန်း နေရာချထားမှုများနှင့် ပတ်သက်၍ အပြင်တန်း ပျံကျဆိုင်ခန်း (၈၆)ခန်း အမြန်ဆုံး ချထားပေးမှု အစီအစဉ် ထူးခြားချက် မရှိပါက အောက်တိုဘာလ (၂၇)ရက်နေ့မှာ ဈေးသူဈေးသားများမှ ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်သွားရန် ဆုံးဖြတ်ထားကြပြီ ဖြစ်ကြောင်း အပြင်တန်းပျံကျ ဈေးသူဈေးသားများအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှခင်က  တာချီလိတ်အွန်လိုင်းသို့ ဆက်သွယ်၍ ယနေ့ အောက်တိုဘာလ (၁၆)ရက်နေ့မှာ အသိပေးပြောကြားလာသည်။

တာချီလိတ်မြို့မဈေးအား ယခုအခါမှာ အဆင့်မြှင့်တင် ဆောက်လုပ်မှုပြီးစီးလု ဖြစ်နေချိန်တွင် ဈေးစတင် ဖြစ်ပေါ်လာချိန် ကတည်းက စတင်၍ ဈေးရောင်းချလာသော ဈေးသည်များနှင့် ဈေးရောင်းသက်တမ်း အနည်းဆုံး (၁၅)နှစ်အထက်ရှိ အပြင်တန်းပျံကျဈေးသည်များနှင့် အချို့ဈေးသည်များသည် မိမိတို့၏ ဆိုင်နေရာများကို ပြန်လည်ရရှိရေးနှင့် ဈေးနှုန်းသင့်တင့်လျောက်ပတ်သည့် သတ်မှတ်နှုန်းထားများဖြင့် ချထားပေးရေးအပြင် လက်ရှိဈေးကော်မတီအား ပြောင်းလဲဖွဲ့စည်းနိုင်ရန် စသည့် ပျံကျဈေးကိစ္စများနှင့် ပတ်သက်ပြီး အပြင်တန်းပျံကျဈေးသည် (၈၆)ဦးမှ ဦးဆောင်၍ ပြီးခဲ့သော စက်တင်ဘာလ (၃၀)ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲအပြီးတွင် ဆန္ဒထုတ်ဖော်မည့် ရက်ကို အောက်တိုဘာလ(၉)ရက်နေ့မှာ သတ်မှတ်ထားသော်လည်း သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီများ၊ သက်ဆိုင်ရာ ဌာနများနှင့် ထပ်မံတွေ့ဆုံပြီးနောက် လတ်တလောတွင် ထူးခြားမှု တစ်စုံတစ်ရာ မသိရှိရသေးသည့်အတွက် လတ်တလော ကာလအတွင်း ထူးခြားချက်အား စောင့်ဆိုင်းသည့် အနေဖြင့် အောက်တိုဘာလ (၂၇)ရက်နေ့မှသာ တရားဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ရန် ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း ပျံကျဈေးသူဈေးသားများထံမှ သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~