တာချီလိတ်မြို့ပေါ် ရပ်ကွက်(၃)ခုအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားရာ အိမ်ခြေ (၂၂၀)ခန့် ရေ၀င်ရောက်ပြီး မိုင်းကိုးကျေးရွာ၌လည်း ရေကြီးရေလျှံ

တာချီလိတ်မြို့ပေါ် ရပ်ကွက်(၃)ခုအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားရာ အိမ်ခြေ (၂၂၀)ခန့် ရေ၀င်ရောက်ပြီး မိုင်းကိုးကျေးရွာ၌လည်း ရေကြီးရေလျှံ
သြဂုတ် 14, 2014
By Tachileik News Agency

ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့သည် မိုးရာသီ ကာလရောက်တိုင်း နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းမှ တဆင့် ရေကြီးမှုများ နှင့် တောင်ကျရေကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိရာ ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၁၄)ရက် နေ့လည်ပိုင်းမှ စ၍ ညနေအထိ တောင်ကျရေများကြောင့် တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက် နှင့် မိုင်းကိုးကျေးရွာအုပ်စုတို့တွင် ရေကြီးရေတက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဝိန်းကျောက်ရပ်ကွက်ထဲရှိ တော်ကော့အတွင်းပိုင်း ရေကြီးမှုသည် နှစ်စဉ် အနည်းငယ်ဖြစ်ပေါ်ခဲ့သော်လည်း ယနေ့ ရေကြီးမှုမှာ ပထမဆုံးဖြစ်ပြီး ရေတက်လာမှုသည် အမြင့် (၃)ပေခွဲမှ (၄)ပေခန့်အထိ တက်လာသည့်အတွက် အိမ်ခြေ(၁၂၀)ခန့်မှာ ရေများဝင်ရောက်မှုကြောင့် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သည်။

"အရင်ကတော့ မိုးရွာတိုင်း ရေတက်လာတာရှိပေမဲ့ ရေတက်လာလည်း ခဏလေးနဲ့ ကျသွားတယ်၊ အခုက ရေတက်လာတာက (၃)ပေခွဲလောက်ရှိတယ်၊ ရေကျတာလည်း နည်းနည်းကြာတယ်"ဟု တော်ကော့အတွင်းနေ ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးစိုင်းထွန်းက တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

မယ်ခေါင်ရပ်ကွက်တွင် မယ်ခေါင်ချောင်းနှင့် အနီးနားရှိ နယ်မြေ(၁)တွင် အိမ်ခြေ(၆၀)ခန့် နှင့် နယ်မြေ(၄)တွင် အိမ်ခြေ(၃၀)ခန့်မှ ရေများ (၁)ပေခွဲခန့်အထိ ၀င်ရောက်မှုကို ခံရကြောင်းသိရသည်။တဆက်တည်းမှာပင် ရန်အောင်မြေရပ်ကွက်ရှိ နယ်မြေ(၃)တွင် အိမ်ခြေ(၁၀)အိမ်ခန့် နှင့် အိမ်ထောင်စု (၆၁)စုခန့်တို့မှ မယ်ခေါင်ချောင်း၏ ရေကြီးရေလျှံလာမှုကြောင့် အခက်အခဲဖြစ်ပေါ်ခဲ့သည်။

ယင်းသို့ ရေကြီးရေလျှံမှုကြောင့် ရေနစ်မြှုပ်မှုဖြစ်ပွားသည့် ရပ်ကွက်များအတွင်းသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးများဖြစ်သည့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ အပါအ၀င် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ စသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုပြီး ကယ်ဆယ်ရေးကိစ္စရပ်များ  ဆောင်ရွက်ကြတာကို တွေ့ရှိရသည်။

ရေများဝင်ရောက်ပြီး နေအိမ်အတွင်း နေထိုင်ရန် ခက်ခဲသူများအတွက် ကယ်ဆယ်ရေးစခန်းများအဖြစ် ရန်အောင်မြေရပ်ကွက် နယ်မြေ(၁) ခန်းမဆောင်တွင်လည်းကောင်း၊ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့အတွင်း ဘုန်းကြီးကျောင်းတွင်လည်းကောင်း၊ မယ်ခေါင်ရပ်ကွက် နယ်မြေ(၄) ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် လည်းကောင်း ဆောင်ရွက်ထားရှိကြောင်းကိုလည်း သိရသည်။

ထို့အတူပင် မိုင်းကိုးကျေးရွာ အုပ်စု ဆီလီငေါက်ကျေးရွာ တွင်လည်း ယခင်နှစ်ကအတိုင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်း မှ သွားရောက်၍ ကူညီ ဆောင်ရွက်ကြကြောင်းလည်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~