မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်လျှက်ရှိသည့် ပါဆတ်အဆင့်မြင့် ကားလေးကွင်းနှင့် မြို့မဈေး အခြေအနေတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လာရောက် ကြည့်ရှု

မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်လျှက်ရှိသည့် ပါဆတ်အဆင့်မြင့် ကားလေးကွင်းနှင့် မြို့မဈေး အခြေအနေတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့မှ လာရောက် ကြည့်ရှု
ဇူလိုင် 22, 2014
By Tachileik News Agency

ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၂)ရက် ညနေပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ နှင့် အဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ တာချီလိတ်မြို့သို့ ရောက်ရှိလာပြီး မင်းခေတ်သစ်ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောက်လုပ်ခွင့်ရရှိထားပြီး ဆောက်လုပ်နေလျှက်ရှိသည့် ပါဆတ်အဆင့်မြင့်ကားလေးကွင်း နှင့် အဆင့်မြင့်မြို့မဈေးဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်၍ လေ့လာကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဦးစွာပထမ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် ဦးဆောင်သည့် အဖွဲ့သည် ပါဆတ်အဆင့်မြင့်ကားလေးကွင်းသို့ သွားရောက်ပြီး ကားလေးကွင်းဆောက်လုပ်နေမှုနှင့် ပတ်သက်၍ ကြည့်ရှုစစ်ဆေးရာ မင်းခေတ်သစ်ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးမောင်မောင် ကိုယ်စား တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးအေးချိုက ပါဆတ်အဆင့်မြင့်ကားလေးကွင်း တည်ဆောက်ပုံ အဆင့်ဆင့်ကို ပရိုဂျက်တာဖြင့် ပြသ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ရှင်းလင်းပြသသည်။

ထိုသို့ ရှင်းလင်းပြသရာတွင် ကားလေးကွင်း၏ ၀င်ပေါက်အား အံစာတုံးအမျိုးအစား ကားများ ၀င်ရောက်နိုင်ရန်အတွက် အမြင့်ကို (၁၈)ပေ ပြုလုပ်ထားကြောင်း၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများအား စနစ်တကျဆောင်ရွက်ထားကြောင်း နှင့် ကားလေးကွင်းအတွင်း မီးဘေးလုံခြုံစေရန်အတွက် ဆောင်ရွက်ထားကြောင်း၊ လျှပ်စစ်မီးများ စနစ်တကျသွယ်တန်းထားကြောင်း၊ မိလ္လာအား ရေစစ်ကန်နှင့် ရေစုပ်ကန်များဖြင့် ဆောင်ရွက်ထားကြောင်း အပြင် ကားလေးကွင်း၏ အနေအထားနှင့် အဆောက်အဦပုံစံများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။

ထိုသို့ တင်ပြမှုနှင့် စပ်လျဉ်း၍  ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ် က ကားရပ်ရမည့်နေရာများတွင် ထားရှိသည့် လမ်းမီးများကို ကြိုးပျောက်လုပ်သင့်ကြောင်းနှင့် ယာဉ်ရပ်နားမည့်နေရာများအား ကောင်းမွန်စွာ ဆောင်ရွက်ရန်လိုကြောင်းအပြင် ကားလေးကွင်းရှိ ဆိုင်ခန်းများကို ယခင် အခန်းပိုင်ရှင်များအား ပြန်လည်နေရာချထား ရောင်းချပေးပြီးပါက ပိုသည့် ဆိုင်ခန်းများကို ကုမ္ပဏီ၏ လွတ်လပ်ခွင့်အတိုင်း ပြန်လည်ရောင်းချနိုင်ကြောင်း စသည်တို့ကို မှာကြားသွားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ၀မ်ကောင်းမြို့မဈေးအား အဆင့်မြင့်တည်ဆောက်နေမှုနှင့် ပတ်သက်၍ သွားရောက် ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာများမှ ဈေးအတွင်း၊ အပေါ်၊ အလယ်၊ အောက် စသည့်နေရာများကို လိုက်လံရှင်းလင်းပြသပြီးနောက်  မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ (လက်ထောက်ညွှန်ကြားရေးမှူး ) ဦးကျော်ဇင် နှင့် ဦးအေးချိုတို့မှ ပြည်နယ်ဝန်ကြီးချုပ် နှင့် အဖွဲ့အား ဈေးတည်ဆောက်ပုံနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်ချက်များကို ညွှန်ကြားသွားပြီး ဈေးအား နိုဝင်ဘာလကုန်လျှင် ဖွင့်လှစ်ရမည်ဖြစ်သည့်အတွက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် လိုသည်များကို ပေါင်းစပ်ဆောင်ရွက်ရန် စသည်ဖြင့် မှာကြားသွားခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်လာရောက်သည့် ခရီးစဉ်တွင် ပျံကျဈေးသည်များအတွက် နေရာရရှိရေး နှင့် ပတ်သက်၍ အထူးတလည်ဆွေးနွေးမှု မပါရှိသည့်ကိစ္စများနှင့် ပတ်သက်၍ ဈေးသူ၊ ဈေးသူများမှ အားမလိုအားမရဖြစ်နေကြောင်းလည်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~