ကျပ်သိန်းပေါင်း ၂၂၉၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်/ခဲယမ်းများ တာချီလိတ်၌ ဖမ်းဆီးရမိ

ကျပ်သိန်းပေါင်း ၂၂၉၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်/ခဲယမ်းများ တာချီလိတ်၌ ဖမ်းဆီးရမိ
ဇူလိုင် 20, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်၊  မိုင်းဟဲကျေးရွာအုပ်စု၊ ပန်ကူ(အောက်)ကျေးရွာနှင့် ကျောက်လှိုင်ဂူကြား တံတားအနီးတွင် ဘိန်းဖြူဘလောက်တုံးများ နှင့် လက်နက်/ခဲယမ်းများ အပါအ၀င် နိုင်ငံခြားငွေကြေးများကို ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ ညနေ (၆း၁၅)နာရီအချိန်က ပူးပေါင်းအဖွဲ့ဖြင့် တရားခံများနှင့်အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ်၊  မိုင်းဟဲကျေးရွာအုပ်စု၊ ပန်ကူ(အောက်)ကျေးရွာနှင့် ကျောက်လှိုင်ဂူကြား တံတားအနီးတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းအတိအကျ ရရှိထားသည့်အတွက် စစ်ဗျူဟာမှူး ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ ဗိုလ်ကြီးလှိုင်မြင့်မိုး ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်စိုင်းခမ်းစိုင်း ဦးစီးအဖွဲ့၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အေးလွင် ဦးစီးအဖွဲ့၊ အမှတ်(၂)စစ်ဘက်ရေးရာလုံခြုံရေးတပ်စု(စရဖ)မှ တပ်သား မျိုးသက်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်နေကြစဉ် မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ ကျကွင်း(ကျား) မောင်းနှင်ပြီး ကျဘိုး(ကျား)နှင့် နန်းစံ(မ)တို့ လိုက်ပါလာသည့် Vigo အမျိုးအစား အဖြူရောင် မော်တော်ယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရှာဖွေ ခဲ့ကြသည်။

ထိုသို့ စစ်ဆေးရှာဖွေရာတွင် အဆိုပါ မော်တော်ယာဉ်အတွင်းမှ ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၂၂၄၀)ကျော် တန်ဖိုးရှိပြီး အလေးချိန် (၁၄)ကီလိုရှိသည့် ဘိန်းဖြူဘလောက်တုံး အတုံး (၄၀) နှင့် အမေရိကန်နိုင်ငံထုတ် 5202 နံပါတ်ပါ ပွိုင့် ၃၈ ပစ္စတိုသေနတ် (၁)လက်၊ ကျည်ကဒ်(၂)ကဒ်၊ ၎င်းကျည်(၁၄)တောင့် အပြင် ထိုင်းနိုင်ငံသုံး ဘတ်ငွေ (၆၅၀၀၀၀)ဘတ်တို့ကိုလည်း ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

 ဖမ်းဆီးရမိသူ ကျကွင်း နှင့် ဇနီးဖြစ်သူ နန်းစံတို့၏ ထွက်ဆိုချက်အရ ၎င်းတို့နေထိုင်သော တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ နေအိမ်အား ယနေ့ ဇူလိုင်လ(၂၀)ရက် နံနက်ပိုင်း (၃)နာရီအချိန်က မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ရဲအုပ်မြင့်နိုင်ဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေရာ ကျပ်(၅၆)သိန်းကျော် တန်ဖိုးရှိသည့် ဘိန်းဖြူလောက်တုံး(၁)တုံး နှင့် အမေရိကန်ဒေါ်လာ(၁၀၀)တန် (၁၁၀)ရွက်တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသော ကျကွင်း၊ ကျပိုး နှင့် နန်းစံ တို့ (၃)ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၁၀၃/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၂(ခ)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~