မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်သင်ပညာ အထူးသင်တန်း မိုင်းဖြတ်၌ ပို့ချ

မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်သင်ပညာ အထူးသင်တန်း မိုင်းဖြတ်၌ ပို့ချ
ဧပြီ 22, 2014
By Tachileik News Agency
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ အထူးသင်တန်းဖွင့်ပွဲကို ယနေ့ ဧပြီလ(၂၂)ရက် နံနက်(၈)နာရီက အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင်ခန်းမဆောင်၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းကျောက်က မြို့နယ်အတွင်း ပညာရေးကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုနှင့် ဒေသဖွံ့ဖြိုးရေး အတွက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို  အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍  ခရိုင်ပညာရေးမှူး ဒေါ်သက်ထားက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းတက်ရောက်မည့်
နေ့စားလပေး ဆရာ၊ဆရာမများ အနေဖြင့် မိမိတို့ တာဝန်ကျသည့် ဒေသများတွင် ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်မိသားစုများသဖွယ် သဘောထားပြီး ကြိုးစားသင်ကြားပေးရန် လိုကြောင်း၊ ကျောင်းတစ်ကျောင်းသည်   ကလေးပျော်ကျောင်း ဖြစ်ရန်အတွက် ဆရာ၊ဆရာမများ၏ နွေးထွေးမှု၊ ယုယမှုအပေါ်မူတည်ကြောင်း၊  စေတနာရှေ့ထားပြီး ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသရွေ့ ကြိုးစားကာ စိတ်ရှည်သီးခံစွာ သင်ကြားနိုင်ရေး အတွက် သင်တန်းတွင် ဂရုတစိုက် သင်ယူ မှတ်သားသွားကြရန်  ရှင်းလင်းပြောကြားသည်။

ထို့နောက်  အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာမကြီး  ဒေါ်ခင်မြသန်း  က သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမများ လိုက်နာရမည့် စည်းကမ်းများ၊ သင်ကြားရမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့  မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းယု မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ (၆၈)ဦး တက်ရောက်မည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ဧပြီလ (၂၂) မှ မေလ (၂၂)ရက်နေ့အထိ  တစ်လကြာ ဘာသာရပ်(၁၃)မျိုးအား  ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။

 ဓါတ်ပုံ/သတင်း။        ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~