မြန်မာနိုင်ငံသားများ အနေဖြင့် သင်္ကြန်ကာလ နှင့် ပွဲတော်ကာလများအတွင်း သောက်စား မူးယစ်၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သွားလည်မည်ဆိုပါက သတိရှိရန်လို

မြန်မာနိုင်ငံသားများ အနေဖြင့် သင်္ကြန်ကာလ နှင့် ပွဲတော်ကာလများအတွင်း သောက်စား မူးယစ်၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သွားလည်မည်ဆိုပါက သတိရှိရန်လို
ဧပြီ 6, 2014
By Tachileik News Agency
ထိုင်းနိုင်ငံ၌ စီမံချက်ကာလများနှင့် သင်္ကြန်ကာလများတွင်  ကားလမ်းမပေါ် ယာဉ်သွား ယာဉ်လာများအား  သောက်စားမူးယစ်၍ ယာဉ်မောင်းထားခြင်း ရှိမရှိ နှင့် မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိကို ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့နှင့် အခြားမြို့များတွင် Alcohol တိုင်းတာသည့် လေမှုတ်ထုတ် စက်တစ်မျိုးဖြင့် တိုင်းတာစစ်ဆေး၍ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ စသည်ဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေရာတွင် တာချီလိတ်မြို့နှင့် နီးကပ်နေသော မယ်ဆိုင်မြို့တွင်လည်း သင်္ကြန်အချိန်ကာလများနှင့် အချို့သော ပွဲတော်ကာလများ၌ ထိုနည်းအတိုင်း စစ်ဆေးမှုများရှိရာတွင် အချို့သော မြန်မာနိုင်ငံသားများအား စစ်ဆေးတွေ့ရှိရပါက ဒဏ်ငွေအဖြစ် သတ်မှတ်နှုန်းထားထက် အဆမတန် ဆောင်ခိုင်းမှုများလည်း ရှိခဲ့သည့်အတွက် ယခုလာမည့် သင်္ကြန်ကာလများတွင် သောက်စား မူးယစ်ထားသော မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ အလည် သွားရောက်မည်ဆိုပါက သတိရှိကြစေလိုကြောင်း တာချီလိတ်အွန်လိုင်းမှ အသိပေးအပ်ပါသည်။
( Photo: nationmultimedia)

"သင်္ကြန်နားနီးပြီ ဆိုတော့ တစ်ချို့ မိန်းကလေးဖြစ်ဖြစ်၊ ယောကျာ်းလေးဖြစ်ဖြစ် ဘီယာတို့ အရက်တို့ သောက်တတ်ကြတယ်၊ တစ်ခုပြောချင်တာက သောက်ပြီးရင် မယ်ဆိုင်မြို့ကို သွားရင် ဒီလိုပွဲရက်တွေ နီးလာရင် ထိုင်းရဲတွေက လူကို အရက်ဘီယာ သောက်ထားတဲ့ အနည်းအများပေါ် မူတည်ပြီး  Alcohol တိုင်းတဲ့ စက်နဲ့ လေမှုတ်ခိုင်းပြီး သတ်မှတ်ထားတဲ့ နှုန်းကျော်ရင် ဒဏ်ငွေရိုက်တယ်၊ နှစ်သစ်ကူးတုန်းက အဲ့လိုပဲ အစစ်ခံရတဲ့အထဲမှာ ကျွန်မရဲ့ ရပ်ဝေးက အသိမိတ်ဆွေတစ်ယောက်လည်း စစ်ခံရတယ်၊ သတ်မှတ်နှုန်းကျော်သွားလို့ ဒဏ်ငွေမဆောင်ရင် ထောင်ချမယ်ဆိုတော့ ဒဏ်ငွေ ဘတ် ၅၀၀၀၀ ဆောင်ခဲ့ရတယ်၊ အဲ့ဒါကြောင့် ဒီလို ပွဲတော်ရက်မျိုးမှာ ကိုယ့် မြန်မာနိုင်ငံသားတွေ ခံရမှာဆိုးလို့ သတိထားကြဖို့ ကျွန်မအနေနဲ့ အသိပေးချင်တာပါ"ဟု အသိပေးသည့် အနေဖြင့် တိုင်းရင်းသူ အမျိုးသမီးတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။

မကြာမီက ထုတ်ပြန်ကြော်ငြာထားသော ထိုင်းနိုင်ငံ၏ အဆိုပါ ကိစ္စတွင်  Alcohol တိုင်းတာသည့် လေမှုတ်ထုတ် စက်တစ်မျိုးဖြင့် တိုင်းတာစစ်ဆေးသည့်အခါ သတ်မှတ်နှုန်းထက် ကျော်လွန်သွားပါက ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ပေးဆောင်ရမှာဖြစ်ရာ ငွေဒဏ်အဖြစ် အများဆုံး ဘတ်(၁၀၀၀၀) သတ်မှတ်ထားကြောင်းနှင့် ယာဉ်မောင်းသူဖြစ်စေ၊ ယာဉ်နောက်လိုက်ပါသူဖြစ်စေ သောက်စား မူးယစ်ထားပါက အရေးယူနိုင်ကြောင်းကို ထိုင်းနိုင်ငံ ရုပ်သံများမှာလည်း ကြော်ငြာထားသည်ကို တွေ့ရှိရသည်။

ယခုလို သင်္ကြန်ကာလ ကျရောက်ခါနီးသည့်အချိန်နှင့် သင်္ကြန်ကျရောက်သည့် အခါများတွင် ထိုင်းနိုင်ငံအတွင်း၌  စီးပွားရှာ၍ ခေတ္တ ပြန်လာကြသော မြန်မာနိုင်ငံသားများအနေဖြင့်လည်း ထိုင်းရဲများမှ အထူးစစ်ဆေးမှုများ ပြုလုပ်နေသည့်အခါမျိုးတွင် သတိရှိရန် လိုအပ်ပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိကိစ္စနှင့် ပတ်သက်၍ ဆီးစစ်သည့် အခါမျိုးတွင် ၎င်းတို့သောက်ခိုင်းသော ရေကို မသောက်စေလိုပဲ၊ ဆီးသွားရန် ပေးသည့် ခွက်ကိုလည်း မိမိတို့ အ၀တ်ဖြင့် သုတ်ရန် လိုအပ်ကြောင်း စစ်ဆေးခံရသူများမှ ပြန်လည် ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် နီးစပ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တစ်ဝိုက်တွင် ထိုင်းရဲများမှ မူးယစ်ဆေးဝါး အကြောင်းပြ၍ စစ်ဆေးမှုများ ပြုလုပ်ရာတွင် မြန်မာနိုင်ငံသားများအား စစ်ဆေးရမိပါက အချို့သော မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းဘာသာ စာ/စကား ကျွမ်းကျင်စွာ မတတ်မြောက်သည့် အတွက် ၎င်းတို့မှ မတန်တဆ ငွေညှစ်တောင်းခံမှုများလည်း မကြာခဏဆိုသလိုပင် ရှိခဲ့သည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် အထူးပင် သတိရှိရန် လိုအပ်ပါကြောင်း တာချီလိတ်အွန်လိုင်းမှ  အသိပေးရေးသားလိုက်ရပါသည်။

သတင်း ။        ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~