တာချီလိတ်၌ လျှပ်စစ်ဓါတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန်အတွက် Myanmar Allure Group ကုမ္ပဏီ နှင့် မြို့နယ်မီးလင်းရေးကော်မတီတို့ လက်မှတ်ရေးထိုး

တာချီလိတ်၌ လျှပ်စစ်ဓါတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန်အတွက် Myanmar Allure Group ကုမ္ပဏီ နှင့် မြို့နယ်မီးလင်းရေးကော်မတီတို့ လက်မှတ်ရေးထိုး
ဧပြီ 25, 2014
By Tachileik News Agency
နိုင်ငံတစ်နိုင်ငံ သို့မဟုတ် မြို့တစ်မြို့၏ စည်ကား ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက လိုအပ်ချက်မှာ လျှပ်စစ်မီး နှင့် လမ်းပန်းဆက်သွယ်ရေးတို့ဖြစ်ရာ တာချီလိတ်မြို့၌ မြို့တွင်း လျှပ်စစ်မီးလုံလောက်စွာ ပေးဝေနိုင်ရေးနှင့် တိုင်းရင်းသားကျေးရွာများသို့ (၂၄)နာရီ လျှပ်စစ်မီးလင်းလက်စေရေးတို့ အတွက် ယနေ့ ဧပြီလ(၂၄)ရက် ည(၇)နာရီအချိန်က တာချီလိတ်မြို့ အလူရာဟိုတယ်တွင် Myanmar Allure Group Co.,Ltd. နှင့် တာချီလိတ်မြို့ မီးလင်းရေးကော်မတီတို့မှ လျှပ်စစ်ဓါတ်အား ရောင်းဝယ်ခြင်း လုပ်ငန်းဆိုင်ရာ သဘောတူညီမှု စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။

အဆိုပါ စာချုပ် ချုပ်ဆိုမှု အခမ်းအနားတွင် တာချီလိတ်မြို့ မီးလင်းရေးကော်မတီ၏ နာယက တာချီလိတ်စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်းက "၂၀၀၈ခုနှစ် လျှပ်စစ်မီး မရသေးခင်ကာလက မီတာခ တစ်ယူနစ်လျှင်(၁၄)ဘတ်အထိ ပေးသုံးနေရပြီး လျှပ်စစ်ဓါတ်အား ပြည့်စုံလုံလောက်အောင် မရရှိခဲ့သည့်အတွက် အခက်အခဲများ ဖြစ်ခဲ့ကြောင်း နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးကြီး၏ လမ်းညွှန်မိန့်ကြားချက်အရ Myanmar Allure Group Co.,Ltdမှ အခက်အခဲပေါင်းများစွာ၊ အရင်းအနှီးပေါင်းများစွာ နဲ့ မြန်မာ-ထိုင်း နှစ်နိုင်ငံ အကြီးအကဲများကို ညှိနှိုင်းပြီး ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့်အတွက် ၂၀၀၈ခုနှစ် ဧပြီလကစပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ လျှပ်စစ်မီးသွယ်တန်းပေးနိုင်ခဲ့ကြောင်း စသည်ဖြင့် တာချီလိတ်မြို့တွင်း လျှပ်စစ်မီးရရှိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အကျဉ်းချုပ်အမှာစကား ပြောကြားသွားသည်။

ဆက်လက်၍  Myanmar Allure Group Co.,Ltd. ၏ Managing Agent ဦးမြင့်လွင်မှ လျှပ်စစ်ဓါတ်အား တိုးချဲ့သွယ်တန်းခြင်းနှင့် ပတ်သက်၍ "တာချီလိတ်မြို့တွင်း လျှပ်စစ်မီးတရားဝင် ဆက်သွယ်သုံးစွဲခွင့်ရရှိရေးကို ထိုင်းနိုင်ငံ ဒေသအာဏာပိုင်များမှ တဆင့် ဆင့်ကဲဆင့်ကဲ ခွင့်ပြုမိန့်ရရှိဖို့အတွက် ရင်းနှီးမြုပ်နှံမှုများစွာဖြင့် အခက်အခဲများစွာနဲ့ ဆောင်ရွက်ခဲ့ရကြောင်း၊ နောက်ဆုံး ထိုင်းနိုင်ငံ လျှပ်စစ်အာဏာပိုင်အဖွဲ့နှင့် Myanmar Allure Group Co.,Ltd.တို့ တာချီလိတ်မြို့တစ်မြို့လုံးအတွက် တရားဝင်တစ်ဦးတည်းသော လျှပ်စစ်မီးဆက်သွယ်ခွင့် ကိုယ်စားလှယ် အဖြစ် ၂၀၀၈ခုနှစ် ဇန်န၀ါရီလထဲမှာ နှစ်ဖက်သဘောတူညီ စာချုပ် လက်မှတ်ရေးထိုးထားခဲ့ပြီး လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် တာချီလိတ်မြို့အတွင်း လူနေမှုစီးပွားရေးအရ တိုးချဲ့တည်ဆောက်လာသော စက်မှုလက်မှု လုပ်ငန်းများနှင့် ကျေးရွာဒေသများကို (၂၄)နာရီ လျှပ်စစ်မီး အပြည့်အ၀ ရရှိရေးအတွက် လက်ရှိ လျှပ်စစ်ဓါတ်အား သုံးစွဲနေမှုမလုံလောက်သဖြင့် ယခုလို ဒုတိယပိုင်း 8MW လျှပ်စစ်ဓါတ်အား တိုးချဲ့သွယ်တန်းခြင်းအဖြစ် သဘောတူစာချုပ်ချုပ်ဆိုခြင်းကို ဆောင်ရွက်ရတာဖြစ်ကြောင်း" ရှင်းလင်းပြောကြားသွားသည်။

ယင်းနောက် Myanmar Allure Group Co.,Ltd. နှင့် တာချီလိတ်မြို့ မီးလင်းရေးကော်မတီတို့ လျှပ်စစ်ဓါတ်အား ရောင်းဝယ်ခြင်းလုပ်ငန်း သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးရာ နေရာသို့ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်း၊ တာချီလိတ်မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ Myanmar Allure Group Co.,Ltd. ၏ Managing Director ဒေါက်တာထွန်းမင်းလတ် နှင့် Myanmar Allure Group Co.,Ltd. ၏ Managing Agent ဦးမြင့်လွင်တို့မှ နေရာယူပြီး တာချီလိတ်မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး နှင့် Myanmar Allure Group Co.,Ltd. ၏ Managing Agent ဦးမြင့်လွင် တို့မှ လက်မှတ်ရေးထိုးကြသည်။

လက်မှတ်ရေးထိုးမှုအပြီးတွင် Myanmar Allure Group Co.,Ltd.၏ Chairman - Mr.Upakit Pachariyangkun မှ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်းအား အမှတ်တရလက်ဆောင် ပန်းချီကားပေးအပ်ပြီးနောက် Myanmar Allure Group Co.,Ltd. ၏ Managing Director ဒေါက်တာထွန်းမင်းလတ် မှ တာချီလိတ်မြို့မီးလင်းရေးကော်မတီသို့ အလှူငွေ ထိုင်းဘတ်ငွေ (၇)သိန်းအား ပေးအပ် လှူဒါန်းသည်။
တာချီလိတ်မြို့တွင်း၌ ယခုအခါ လျှပ်စစ်ဓါတ်အား တိုးချဲ့လိုက်ပြီးနောက် မေလထဲမှ စ၍ မြို့တွင်း လျှပ်စစ်ဓါတ်အားနည်းသည့် နေရာများတွင် လျှပ်စစ်ဓါတ်အား အပြည့်အ၀ရရှိမှာဖြစ်ပြီး ကျေးလက်ဒေသများသို့လည်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်တော့မှာ ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ၂၀၀၈ခုနှစ်မှ စ၍ ယနေ့အချိန်ထိ တာချီလိတ်မြို့ပေါ်ရပ်ကွက်များအပါအ၀င် ကျေးရွာအုပ်စုများအဖြစ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စုနှင့် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း (၃၃)ရွာတို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကျန်ရှိနေသေးသည့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုနှင့် မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ အချို့ကျေးရွာများသို့လည်း လျှပ်စစ်မီးဖြန့်ဖြူးပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။      ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~