ဒုတိယအကြိမ်မြောက်အဖြစ် တာချီလိတ်၌ ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်း ဖွင့်လှစ်

ဒုတိယအကြိမ်မြောက်အဖြစ် တာချီလိတ်၌ ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်း ဖွင့်လှစ်
ဧပြီ 3, 2014
By Tachileik News Agency
ကလေးသူငယ်များအား ယဉ်ကျေးလိမ္မာစေရန်အတွက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ အပတ်စဉ် တနင်္ဂနွေဓမ္မစကူးလ်ကျောင်းတော် မှ ဒုတိယအကြိမ်မြောက်အဖြစ် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့ ဧပြီလ(၃)ရက် နံနက်(၈)နာရီအချိန်က သင်တန်းပို့ချမည့် တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြသည်။
 
အဆိုပါ အခမ်းအနားတွင် တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်ဆရာတော်မှ ရှမ်းဘာသာ စကားဖြင့် သြ၀ါဒကထာ မိန့်ကြားတော်မူရာ ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်မှ မြန်မာလို ပြန်လည်၍ ရှင်းလင်းပြောကြားပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ ဒုတိယ ဥက္ကဌ ဆရာတော်က ဓမ္မစကူးလ်ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းမိန့်ကြားတော်မူသည်။
ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူုး ဦးသောင်းတင်ထွေး နှင့် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ အပတ်စဉ် တနင်္ဂနွေဓမ္မစကူးလ်ကျောင်းတော် ကော်မတီဝင်များက ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချတရားတော် နာယူခဲ့ကြသည်။

ဒုတိယအကြိမ်မြောက်အဖြစ် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ် ဆရာဖြစ်သင်တန်းအား ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့ထိ (၆)ရက်တိုင်တိုင် သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်း ကာလအတွင်း သင်တန်းနည်းပြ ဆရာ/မများအပါအ၀င် သင်တန်းသား သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား ကျွေးမွေးမှုအဖြစ် ဧပြီလ(၃)ရက်နေ့တွင် ၀ိန်းကျောက်ရပ်ကွက်မှ ဦးအိုက်ဆိုင် + ဒေါ်နန်းကျောက် မိသားစု၊ ဧပြီလ(၄/၅)ရက်နေ့ နှစ်ရက်စာအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး + ဒေါ်နွေးနွေးလင်း မိသားစု၊ ဧပြီလ(၆)ရက်နေ့တွင် ဝေဠုဝန်ကျောင်းတိုက် ဆရာတော် ဦးနန္ဒမာလာဝံသ၊ ဧပြီလ(၇)ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ဦးစိုင်းဆိုင်နွန်း + ဒေါ်နန်းရှဲန်လူ မိသားစု နှင့် ဦးမြအောင် + ဒေါ်နန်းနန်း မိသားစု၊ ဧပြီလ(၈)ရက်နေ့တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်မှ ဦးစိုင်းထွန်းစိန် + ဒေါ်နန်းမိငယ် ( Golden Cherry Hotel ) မိသားစု နှင့် ဦးစိုင်းထွန်း + ဒေါ်အားဆန်း မိသားစုတို့မှ အသီးသီး ကုသိုလ်ယူ၍ ပါဝင်လှူဒါန်းထားကြောင်း သိရသည်။
 
ယခု ဖွင့်လှစ်ပို့ချမည့် သင်တန်းတွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်း(ဗဟို)မှ သင်ကြားမှု ဆရာ/မများအဖြစ်  ဆရာ ဦးထွန်းလင်း၊ ဆရာ ဦးဆက်နိုင်ထွန်း နှင့် ဆရာမ ဒေါ်နီနီဝင်း စသည့် အဆိုပါ ဆရာ/မ (၃)ဦးမှ သင်ကြားပို့ချပေးမှာဖြစ်ရာ သင်တန်းတွင် တက်ရောက်သင်ယူသူ (၃၆)ဦးရှိပြီး လေ့လာသူအနေဖြင့် လာရောက်ကြသူ (၁၅)ဦးခန့်ရှိသည်ဖြစ်ရာ စုစုပေါင်း (၅၀)ဦးခန့် ရှိကြောင်း သိရှိရသည်။
 
ပြီးခဲ့သည့် ၂၀၁၃ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့က တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် ဓမ္မစကူးလ် ဆင့်ပွား ဆရာဖြစ် သင်တန်းအား  (၆)ရက် တိုင်တိုင် ဖွင့်လှစ်၍ သင်တန်းပို့ချလာခဲ့ရာ သင်တန်းတက်ရောက် သင်ယူသူ သံဃာတော်များနှင့် ဆရာ/မ၊ သင်တန်းသူ/သားများ အပါအ၀င် ၃၆ ဦး နှင့်  အကူ ဆရာ/မများအဖြစ် တက်ရောက်သူ (၂၃) ဦး စုစုပေါင်း (၅၉) ဦး ရှိခဲ့ကြောင်းသိရှိရသည်။
သတင်း။        ။ ကိုဇောင်း

ပုံများကိုကြည့်ရန်

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~