တစ်ဖက်နိုင်ငံတွင် တရားဝင်ဆေးကုသရင်း သေဆုံးသွားသူ၏ ရုပ်လောင်းကို ပြန်လည်သယ်ယူရန် ကိစ္စအား တာချီလိတ်မဲဆန္ဒနယ် ကျားဖြူပါတီမှ ဦးစိုင်းသိန်းအောင် က လွှတ်တော်တွင် မေးပြီ

တစ်ဖက်နိုင်ငံတွင် တရားဝင်ဆေးကုသရင်း သေဆုံးသွားသူ၏ ရုပ်လောင်းကို ပြန်လည်သယ်ယူရန် ကိစ္စအား တာချီလိတ်မဲဆန္ဒနယ် ကျားဖြူပါတီမှ ဦးစိုင်းသိန်းအောင် က လွှတ်တော်တွင် မေးပြီ
မတ် 8, 2013
By Tachileik News Agency
{ကျားဖြူပါတီမှ ဦးစိုင်းသိန်းအောင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော် }

တစ်ဖက်နိုင်ငံတွင် တရားဝင်ဆေးကုသရင်း သေဆုံးသူ၏ သက်မဲ့ရုပ်ခန္ဓာအား မိမိနိုင်ငံအတွင်းသို့ လွယ်ကူစွာ ပြန်လည်သယ်ယူနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း အား တာချီလိတ်မဲဆန္ဒနယ်မှ ဦးစိုင်းသိန်းအောင် က မေးမြန်းရာတွင်-

တာချီလိတ်မြို့တွင် နေထိုင်ကြသော ဒေသခံ တိုင်းရင်းသား လူထုအားလုံးမှာ ကျန်းမာရေး နှင့်‌ပတ်သက်ပြီး တစ်ဖက်သောနိုင်ငံသို့ သွားရောက် ဆေးဝါး ကုသကြရပါကြောင်း၊ ထိုကဲ့သို့ ဆေးဝါးကုသချိန်အတွင်း အကြောင်း မျိုးမျိုးကြောင့် သေဆုံးသွားသည့် သက်မဲ့ရုပ်ခန္ဓာများကို မိမိနိုင်ငံသို့ ပြန်လည် သယ်ယူလာချင်ကြသော်လည်း အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ကြရပါသည်။ ထို့ကြောင့် တာချီလိတ်မြို့တွင်သာမက ဒီနယ်စပ်ဒေသရှိ ပြည်သူများ အားလုံး တစ်ဖက်နိုင်ငံသို့ ဆေးဝါး ကုသခံယူပြီး ကံအကြောင်း ကြောင်းကြောင့် သေဆုံးသူ တွေရဲ့ သက်မဲ့ ရုပ်ခန္ဓာများကို မိမိနိုင်ငံကို
ပြန်သယ်လာရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တစ်ဖက်နိုင်ငံနဲ့ တရားဝင် ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းသွားပါသည်။

တာချီလိတ်မဲဆန္ဒနယ်မှ ဦးစိုင်းသိန်းအောင် မေးမြန်းသည့် “တစ်ဖက်နိုင်ငံတွင် တရားဝင်ဆေးကုသရင်း သေဆုံးသူ၏ သက်မဲ့ရုပ်ခန္ဓာအား မိမိနိုင်ငံအတွင်းသို့ လွယ်ကူစွာ ပြန်လည်သယ်ယူနိုင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း” အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော် မှပြန်လည်ဖြေကြားရာတွင်-

ပြည်ပနိုင်ငံများသို့ တရားဝင်သွားရောက် ဆေးကုသမှုခံယူရာမှ ကွယ်လွန်ခဲ့ရသူများ၏ ကြွင်းကျန်သည့် ရုပ်အလောင်းအား မိမိနိုင်ငံအတွင်းသို့ ပြန်လည်သယ်ဆောင်လိုသော ကိစ္စရပ်များတွင် ကျန်ရစ်သူ မိသားစုများက အကူအညီတောင်းခံခဲ့ပါက လွယ်ကူ အဆင်ပြေစေရန်အတွက် ပြည်ပနိုင်ငံနှင့် တရားဝင် ဆောင်ရွက်ပေးရသည့် လုပ်ငန်းအား အရေးကြီး တာဝန်တစ်ရပ် အဖြစ်ခံယူပြီး ပြည်ပရှိမြန်မာ သံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများက ချက်ချင်း ကူညီဆောင်ရွက်ပေးလျှက် ရှိပါကြောင်း၊ အထူးသဖြင့် ရုပ်အလောင်းအား
ပြန်လည် ယူဆောင်နိုင်ရေးအတွက် လိုအပ်သည့် စာရွက်စာတမ်းအချက်အလက် များကိုလည်း မိမိတို့သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများက ချက်ချင်းရရှိရန်ဆောင်ရွက်ပေးပါကြောင်း၊
ကျန်းမာ ရေးဝန်ကြီးဌာနအပိုင်းအနေဖြင့် မြန်မာနိုင်ငံသို့ ရုပ်အလောင်းရောက်ရှိလာသည့် အခါမှသာ ဆောင်ရွက်ရန်ရှိကြောင်း၊ ပြည်ပတွင်ကွယ်လွန်ခဲ့သည့် ရုပ်အလောင်းအား လွယ်ကူစွာ သင်္ဂြိုဟ်နိုင်ရေး အတွက် သေဆုံးရသည့်အကြောင်းအရင်း (Cause of Death) မှန်/မမှန်ကိုသာ မှုခင်းဆရာဝန် ရှိသည့် ဆေးရုံကြီးများတွင် အဆိုပါ မှုခင်းဆရာဝန်က စစ်ဆေးအတည်ပြုရကြောင်း၊ မှုခင်းဆရာဝန် မရှိပါက သက်ဆိုင်ရာဆေးရုံရှိ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက စစ်ဆေး အတည်ပြုရပါကြောင်း၊ ဤသို့စစ်ဆေးအတည်ပြုပြီးလျှင် သင်္ဂြိုဟ်ရန်အတွက် လက်မှတ်ထုတ်ပေးရပါကြောင်း၊ ခရိုင်ဆေးရုံ များတွင်မူ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး၏ တာဝန်ခံမှုနှင့် ထပ်ဆင့်တာဝန် လွှဲအပ်သောသူက စစ်ဆေးပြီး သင်္ဂြိုဟ်လက်မှတ်ထုတ်ပေးရပါကြောင်း ကျန်းမာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီးဖြေကြား အပ်ပါသည်။

ဖြည့်စွက်ဖြေကြားလိုသည့်အချက်မှာ အခြေအနေ အရပ်ရပ်ကြောင့် သေဆုံးသွားခဲ့သော
မြန်မာနိုင်ငံသား ရုပ်အလောင်းကို ပြန်လည် ယူဆောင်နိုင်ခြင်းမရှိတဲ့အတွက် အကူအညီတောင်းခံ လာတဲ့အခါမှာ လိုအပ်တဲ့ စာရွက်စာတမ်းများ ထုတ်ပေးခြင်း၊ မိသားစုဆန္ဒအရ သရဏဂုံတင်လိုပါက သံဃာတော်များ ပင့်လျှောက်ပေးခြင်း၊ မိသားစုဝင်များမရှိပါက မီးသင်္ဂြိုဟ်ပေးခြင်း၊ ကြွင်းကျန်သော အရိုးပြာများအား မိမိနိုင်ငံသို့ ပြန်လည်ယူဆောင်လိုသည်ဆိုပါက ယူဆောင်သွားနိုင်ရန် ကူညီပေးခြင်း၊ ရေမျှောလိုသည်ဆိုပါက ကူညီ၍ မျှောပေးခြင်းများအထိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများက ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

မှတ်ချက်။          ။ ပြည်သူ့လွှတ်တော် တွင် ဖော်ပြထားသော မေးမြန်း/ဖြေကြားချက်အား မူရင်းအတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။