မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)ဖမ်းဆီးရရှိ

မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသား နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)ဖမ်းဆီးရရှိ
ဖေဖော်ဝါရီ 2, 2013
By Tachileik News Agency

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပုန်ငမ်းရပ်ကွက်ရှိ ထမ့်ပလားကားဂိတ်တွင် မြန်မာနိုင်ငံသားနှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား အလုံး(၁၀၀၀၀) ဖမ်းဆီးရမိကြောင်း သိရှိရပါတယ်။

မယ်ဆိုင်မြို့ရဲစခန်းမှ ပူးပေါင်းအဖွဲ့တို့သည် ထောက်လှမ်းရေး၏ သတင်းကြိုပေးချက်ကြောင့် မယ်ဆိုင်မြို့ ပုန်ငမ်းရပ်ကွက်ရှိ ထမ့်ပလားကားဂိတ်သို့ သွားရောက်စစ်ဆေးရာ မယ်ဆိုင်-ဘန်ကောက်သို့ သွားသည့် အဲယားဘတ်စ်ကား အမှတ်(၉၉)ပေါ်ရှိ ထိုင်ခုံနံပါတ် C2 နှင့် C3 ပေါ်တွင် လိုက်ပါလာသူ မြန်မာနိုင်ငံသား ခရီးသည်နှစ်ဦးအား မသင်္ကာ၍ ရှာဖွေစစ်ဆေးတဲ့အခါမှာ ခရီးသည် နှစ်ဦးရဲ့ ဖိနပ်အတွင်းကို ခွာပြီးစစ်ကြည့်တော့ အပြာရောင်အိတ်ငယ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေး အထုပ်(၅၀)ကို တွေ့ရှိရပါတယ်။ တစ်ထုပ်မှာ ဆေးပြား(၂၀၀)ပါဝင်တာဖြစ်ပြီး စုစုပေါင်းမှာ ဆေးပြား(၁၀၀၀၀)ဖြစ်ပါတယ်။

တရားခံနှစ်ဦးမှာ အသက်(၄၇)နှစ်အရွယ်နှင့် (၂၆)နှစ်အရွယ်ဖြစ်ပြီး တရားခံနှစ်ဦး၏ ထွက်ဆိုချက်မှာ  ယခုဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများကို ပို့ဆောင်ပေးရန်အတွက် မြန်မာနိုင်ငံသားတစ်ဦးက နယ်စပ်ခရီးလမ်းကြောင်းမှန်သမျှကို စီစဉ်ပေးတာဖြစ်ပြီး သယ်ယူပို့ဆောင်ခကို ၎င်းတို့အနေဖြင့် ဘတ်(၃၀၀၀၀)စီရကြောင်း ထိုင်းနိုင်ငံ မယ်ဆိုင်သတင်းဌာနမှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။
Photo: Maesai News