ဇေကမ္ဘာကုမ္ပဏီက ခွင့်ပြုချက်မယူဘဲ ပသီချောင်းဘေးတစ်လျှောက် တည်ဆောက်ရေး လုပ်ဆောင်နေကြောင်း လွှတ်တော်တွင် ဆွေးနွေး

ဇေကမ္ဘာကုမ္ပဏီက ခွင့်ပြုချက်မယူဘဲ ပသီချောင်းဘေးတစ်လျှောက် တည်ဆောက်ရေး လုပ်ဆောင်နေကြောင်း လွှတ်တော်တွင် ဆွေးနွေး
ဒီဇင်ဘာ 3, 2019
By Tachileik News Agency
ဇေကမ္ဘာကုမ္ပဏီက ခွင့်ပြုချက်မယူဘဲ ပသီချောင်းဘေးတစ်လျှောက် တည်ဆောက်ရေး လုပ်ဆောင်နေကြောင်း လွှတ်တော်တွင် ဆွေးနွေး
ကရင်ပြည်နယ်၊ သံတောင်မြို့အနီး၊ ကျွဲဖြူတောင်ကျေးရွာအုပ်စုရှိ ပသီချောင်းဘေးတစ်လျှောက်တွင် ဇေကမ္ဘာကုမ္ပဏီက လမ်း၊ တံတား၊ နားနေဆောင်များ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေခြင်းမှာ သက်ဆိုင်ရာဌာနများသို့ ခွင့်ပြုချက်ရယူထားခြင်းမရှိကြောင်း နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်းက ပြောကြားသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၂) ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာ အားကာမိုး၏ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့၊ ပသီချောင်းနံဘေးတစ်လျှောက်တွင် ဇေကမ္ဘာကုမ္ပဏီမှ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ လမ်း၊ တံတား၊ ဈေးဆိုင်၊ ရေတံခွန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တရားဝင်မှု ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်ပြီး နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဇေကမ္ဘာကုမ္ပဏီက မြေငှားဂရန် ရရှိထားသော (၅) ဧကတွင် ဈေးဆိုင်၊ နားနေဆောင်၊ အလုပ်သမားအဆောင်များ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍  စည်ပင်သာယာရေးအဖွဲ့ထံ ခွင့်ပြုချက် တောင်းခံခြင်းမရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် ၂၀၁၅ ခုနှစ်အတွင်း မြေသားကားလမ်းများ ဖောက်လုပ်ခြင်းနှင့် ပသီချောင်းအားဖြတ်လျက် (၈၀ပေ x၁၄ပေ x၁၀ပေ)ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ နားနေဆောင်တည်ဆောက်ခြင်းတို့ကိုလည်း သက်ဆိုင်ရာဌာနများသို့ လျှောက်ထားခွင့်ပြုချက် ရယူခဲ့ခြင်းမရှိခဲ့ကြာင်း သိရသည်။
ဇေကမ္ဘာကုမ္ပဏီက ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်သည့် လုပ်ငန်းများတွင် ပသီချောင်းနှင့် (၂)မိုင်ဝန်းကျင် အကွာရှိ လျှိုအား ကျောက်တုံးများဖြင့် ပိတ်၍ ရေတံခွန်တည်ဆောက်ခြင်း၊ ဒူးရင်းပင်များ ရေရရှိရေးအတွက် ရေလှောင်ကန် တည်ဆောက်ခြင်းတို့ကိုလည်း ပါဝင်ကြောင်း သိရသည်။
ယင်းကဲ့သို့ အခြားနည်းသုံးစွဲခွင့်လျှောက်ထားခြင်းမရှိဘဲ အသုံးပြုနေခြင်းအပေါ် သက်ဆိုင်ရာလယ်ယာမြေ ဥပဒေ၊ သစ်တောဥပဒေနှင့် စည်ပင်သာယာရေးဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - Zaykabar Company Limited 



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~