တရုတ် ဝူဟန်အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသူတိုးလာ၍ မြန်မာ့လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်ပေါက်များတွင် စစ်ဆေးမှုတိုးမြှင့်ဆောင်ရွက်

တရုတ် ဝူဟန်အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသူတိုးလာ၍ မြန်မာ့လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်ပေါက်များတွင် စစ်ဆေးမှုတိုးမြှင့်ဆောင်ရွက်
ဇန်နဝါရီ 17, 2020
By Tachileik News Agency
တရုတ် ဝူဟန်အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသူတိုးလာ၍ မြန်မာ့လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်ပေါက်များတွင် စစ်ဆေးမှုတိုးမြှင့်ဆောင်ရွက်

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် အဆုတ်ရောင်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့အထိ သေဆုံးသူ (၂) ဦးအထိရှိလာပြီး ကူးစက်ခံရသူ အရေအတွက်လည်း တိုးလာနေ၍ မြန်မာနိုင်ငံတွင်း နယ်စပ် ဝင်ပေါက်များ၊ လေဆိပ်နှင့် ဆိပ်ကမ်းများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများ တိုးမြှင့်ဆောင်ရွက်နေသည်။

“တာချီလိတ်ခရိုင်အတွင်းက (မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ် ၁ တံတား) တံတား (၁)၊ ကျိုင်းလပ်၊ ဝမ်ပုံ နယ်စပ်ဝင်ပေါက်တွေအားလုံးမှာ အဓိက ကတော့ တရုတ်ဘက်ကလာတဲ့ ခရီးသွားတွေကို ကိုယ်အပူချိန်တိုင်း စစ်ဆေးတာ လုပ်နေပါတယ်”

ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၁၇)ရက်နေ့တွင် ပြောသည်။

ဝူဟန်မြို့တွင် Novel Coronavirus ရောဂါပိုးကြောင့် ဖြစ်ပွားသည့် Viral Pneumonia ရောဂါကူးစက်ခံရသူ တိုးလာသည့်အပြင် ဇန်နဝါရီလ (၁၇)ရက်နေ့အထိ ရောဂါကြောင့်သေဆုံးသူ (၂)ဦးအထိ ရှိလာကာ ထိုင်းနိုင်ငံတွင်လည်း Viral Pneumonia ရောဂါကူးစက်ခံရသည့် တရုတ်ခရီးသည်တစ်ဦးကို ထပ်မံတွေ့ရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက လေဆိပ်များတွင် ဇန်နဝါရီလ (၅) ရက်နေ့မှစ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဝူဟန်မြို့မှပြန်လာသူများအား လေဆိပ်၊ ဆိပ်ကမ်းနှင့်  နယ်စပ်ဝင်ပေါက်များတွင် စစ်ဆေးခြင်းအပြင် ဝူဟန်မှပြန်လာပြီး (၁၄) ရက်အတွင်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း စသည့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ  ဖြစ်ပွားပါက (သို့မဟုတ်) လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါလက္ခဏာများဖြစ်ပွားခဲ့ပါက နီးစပ်ရာကျန်းမာရေးဌာနများသို့  အမြန်ဆုံး သတင်းပေးပို့ ဆက်သွယ်ကြရန်နှင့် အခမဲ့ကုသပေးမည်ဖြစ်ကြောင်း နှိုးဆော်ထားသည်။

ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအတွက် မန္တလးလေဆိပ်၌ Infer-red Fever Screening System (IFSS) စက်အသစ်တစ်လုံးကို ထပ်မံတပ်ဆင်ထားပြီး တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိနေသည့်ဒေသများတွင် ဝင်ထွက်သူများကို စစ်ဆေးရန်နှင့် ဆိပ်ကမ်းတွင် အပျော်စီးခရီးသည်တင်သင်္ဘောများ ရောက်ရှိပါက စစ်ဆေးရန်တို့ကိုလည်း ဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ပြည်သူ့ကျန်းမာရေးဦးစီးဌာန
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~